တနင်္သာရီမှာ စစ်ကောင်စီ ရိက္ခာယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ

0
301

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ချောင်းညီကိုကျေးရွာအနီးမှာ ဧပြီ ၈ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ ရိက္ခာယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေ သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ မနက် ၇ နာရီလောက်မှာ မြိတ်မြို့နယ်ဘက်ကနေ ဘုတ်ပြင်းမြို့နယ်ဘက်ကို ဆင်းလာတဲ့ ကား ၄ စီးပါ စစ်ကောင်စီ ရိက္ခာယာဉ်တန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန်တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိနိုင်တယ်လို့ ဆိုပါတယ်။

ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီ ရိက္ခာယာဉ်တန်းဟာ ဒဏ်ရာရရှိသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကားပေါ်ကောက်တင်ယူပြီး ဘုတ်ပြင်းမြို့နယ်ဘက်ကို ဆက်လက်ထွက်ခွာသွားပေမယ့် လမ်းမှာ ပျောက်ဆုံးနေ တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့ မနက်ပိုင်းကလည်း တနင်္သာရီမြို့ကနေ သိန်းခွန်ရွာဘက်ကို ခြေလျင်စစ်ကြောင်းထိုးလာတဲ့ အင်အား ၄၀ ကျော်ပါ စစ်ကောင်စီတပ်ကို လယ်တောင်ယာရွာနားမှာ PDF တွေက ကြားဖြတ်တိုက်ခိုက် ခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လကစပြီး စစ်ကောင်စီတပ်က အင်အားအလုံးအရင်း ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသလို ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် တနင်္သာရီမြို့နယ် မြိတ်-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမနဲ့ ထုံခါ-မောတောင်ကားလမ်းမှာ ဖြတ်သန်းသွားလာတာတွေ မလုပ်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မြိတ်ခရိုင်) တပ်ရင်း ၂ က ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့မှာ အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here