သင်္ကြန်ကာလ ဥပုသ်သီလဆောက်တည်နိုင်ရန် ဘုရားပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များအား ရုပ်သိမ်းပေးရန် ရခိုင်လူထုတောင်းဆို

0
341

ရခိုင်ပြည်နယ်ရှိ သမိုင်းဝင်ဘုရားပုထိုးစေတီများတွင် သင်္ကြန်ကာလအတွင်း လွတ်လပ်စွာ ဥပုသ်သီလ ဆောက်တည်နိုင်ရန်အတွက် ၎င်းဘုရားများတွင် တပ်စွဲနေထိုင်သော စစ်တပ်များအား ရုပ်သိမ်းပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

ယခု လာမည့် သင်္ကြန်ကာလအတွင်း အဆိုပါ ဘုရားများတွင် စစ်သားများ နေရာယူထားသဖြင့် ဗုဒ္ဓဘာသာ ရခိုင်လူမျိုးများအနေဖြင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများဖြစ်သော ဘုရားရေသပ္ပာယ်ခြင်း၊ ဆီးမီး- ပန်းပူဇော်ခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်းစသည့် ကောင်းမြတ်သည့် ကောင်းမှုများအား လွတ်လပ်စွာ ပြုလုပ်နိုင်ရန် အခက်အခဲကြုံတွေ့နေကြရသည်ဟု ပြောဆိုကြသည်။

ကျောက်တော်မြို့မှ အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက “သင်္ကြန်ကာလမှာဆိုလို့ရှိရင် သီလဆောက်တည်မယ့် ပုဂ္ဂိုလ်တွေရှိသလို လွတ်လွတ်လပ်လပ် ဘုရားဖူးချင်တဲ့ ဧည့်သည်တွေလည်း ရှိကြတယ်။ ဒါပေမဲ့ အဲဒီလူတွေက ဘုရားပေါ်မှာ တပ်စွဲထားတဲ့ စစ်သားတွေကို မြင်လို့ရှိရင် စိတ်ပိုင်းဆိုင်ရာအရ မလုံခြုံမှုတွေဖြစ်တယ်။ ဘုရား၊ တရားကို လွတ်လပ်စွာ အာရုံ မပြုနိုင်တော့ဘူးပေါ့။ ဒါကြောင့် ဒီသင်္ကြန်ကာလအတွင်းမှာ ဘုရားပေါ်မှာ တပ်စွဲနေထိုင်မှုကို ရုပ်သိမ်းပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ကျောက်တော်မြို့ရှိ မဟာမုနိဘုရားနှင့် ကျောက်တော်တောင်စေတီတော်တို့တွင် စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်နေကြသည်ဟု သိရသည်။

ဒေသခံများအနေဖြင့် အဆိုပါ ဘုရားဖူးခွင့် ရရှိနေကြသော်လည်း စစ်သားများရှိနေ၍ ဘုရားဖူးရာတွင် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကို ခံစားနေကြရသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်သည့် မင်းပြားမြို့ရှိ ကျိန်းတောင်စေတီတော်တွင်လည်း သင်္ကြန်ကာလအတွင်း ဥပုသ်သီလဆောက်လိုကြ၍ တောင်ပေါ်တွင် တပ်စွဲနေမှုကို ချက်ချင်းဖယ်ရှားပေးရန် မင်းပြားမြို့ခံ ကိုစိုးစိုးက တောင်းဆိုသည်။

“သင်္ကြန်၊ သီတင်းကျွတ်စတဲ့ ကာလတွေမှာတော့ ခွင့်ပြုသင့်တာပေါ့။ အခုက စနေ၊ တနင်္ဂနွေ နှစ်ရက် တက်ခွင့်ရတယ်လို့ သိရတယ်။ ဒါပေမဲ့ ဘုရားဖူးဖို့တက်လာတယ်ဆိုလို့ဆိုရင် ဟိုနေရာကို မသွားရ၊ ဒီနေရာကို မသွားရ အဲလိုတွေပေါ့။ နောက်ပြီးတော့ ဓာတ်ပုံမရိုက်ရဘူးဆိုပြီးတော့ ကန့်သတ် ထားတာတွေလည်း ရှိတယ်။ ဒါတွေကို မြို့ခံသားတစ်ယောက်အနေနဲ့တော့ ခံပြင်းမိတယ်” ဟု ပြောသည်။

မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာရှိ၊ အောင်မင်္ဂလာဘုရား တောင်ပေါ်တွင်လည်း စစ်ကောင်စီတပ်သားများ တပ်စွဲထားပြီး ရွာသားများအား ဘုရားတောင်ပေါ်သို့ တက်ခွင့်မပေးသည်မှာ ကြာနေပြီဖြစ်သည်။

ထိုသို့ တောင်ပေါ်တွင် တပ်စွဲထားမှုကို ဖယ်ရှားပေးရန် ဒေသခံများက ဒေသသတင်းဌာနများမှတဆင့် အကြိမ်ကြိမ်တောင်းဆိုထားပြီဖြစ်သော်လည်း စစ်ကောင်စီလူကြီးများက ရုပ်သိမ်းပေးခြင်း မရှိသေးကြောင်း ပြောသည်။

ထို့အပြင် ဘူးသီးတောင်မြို့နယ်၊ သုံးဆယ့်တစ်ဘုံစေတီတွင်လည်း စစ်ကောင်စီတပ်သားများက တပ်စွဲထားသည့်အတွက် နွားရုံတောင်၊ စံဂိုးထောင်၊ သျှစ်သျှားတောင်၊ ဥယျာဉ်သာ စသည့် ကျေးရွာသားများမှာ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်မှစတင်ကာ ယခုအချိန်ထိ နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်ဘဝဖြင့် နေထိုင်ကြရဆဲဖြစ်သည်။

အဆိုပါ သမိုင်းဝင် ဘုရားပုထိုးစေတီများတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည်မှာ ၂ဝ၁၈ ခုနှစ်နောက်ပိုင်း ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှ စကာ ယခုအချိန်အထိ တပ်စွဲနေထိုင်နေကြဆဲဖြစ်သည်ဟု သိရသည်။

ယင်းသို့ တပ်စွဲထားသည့်အတွက် အဆိုပါဘုရားပုထိုးစေတီများ၏ ဗုဒ္ဓပူဇနိယပွဲတော်များကိုလည်း ကျင်းပနိုင်ခြင်းမရှိဖြစ်နေကြောင်း ဂေါပကများက ပြောသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here