“အရင်က တစ်နိုင်ငံလုံး အကျုံးဝင်တဲ့ နိုင်ငံရေး ပါတီအဖြစ်နဲ့ လျှောက်ထားနိုင်ခဲ့တယ်။ အခု ဥပဒေ အသစ်ရဲ့ကန့်သတ်ချက်အရ ရခိုင်ပြည်နယ် အတိုင်းအတာ လောက်သာ အကျုံးဝင်တဲ့ နိုင်ငံရေးပါတီအဖြစ်နဲ့ လျှောက်ထားတာ” ANP မူဝါဒရေးရာကော်မတီဝင် ဦးဘရှိန်

0
475

ရခိုင်အမျိုးသားပါတီ (ANP) မူဝါဒရေးရာကော်မတီဝင် ဦးဘရှိန်နှင့် အမေးအဖြေ

လက်ရှိ အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း စစ်ကောင်စီသည် ရွေးကောက်ပွဲကျင်းပပေးမည် ပြောဆိုထားသည်။ ထို့အတူ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပြဌာန်းခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း ပါတီများမှတ်ပုံရန်နှင့် မှတ်ပုံမတင်ပါက ပါတီအဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်သွားမည်ဟု ဆိုသည်။

ယင်းကြောင့် (မတ် ၂၅ ရက်နေ့) တွင် ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးတွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၅၂ ခုရှိပြီး ယင်းအထဲတွင် ရခိုင်ပြည်အတွင်းမှ ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP) အပါအဝင် မှတ်ပုံတင်ထားသည့် ပါတီ ၅ ခုရှိလာသည်။

ထိုကြောင့် ရခိုင်ပြည်က အင်အားကြီး ANP ပါတီအနေဖြင့် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် မှတ်ပုံတင်ရသည့် အခြေအနေ၊ ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ANP ထိပ်ပိုင်း ခေါင်းဆောင်လည်းဖြစ် မူဝါဒရေးရာကော်မတီဝင် ဦးဘရှိန် ကို ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ စစ်ကောင်စီထံမှာ ANP ပါတီမှတ်ပုံတင်တယ်ဆိုပြီး ဝေဖန်မှုတွေရှိနေပါတယ်။ ဒီအပေါ်မှာ ဘာများ ပြောချင်ပါသလဲ။

ဖြေ ။ ။ အခု ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အစိုးရက ဘာမှ တိတိကျကျ ပြောထားတာ မရှိသေးဘူး။ ဒါပေမယ့် နိုင်ငံရေး ပါတီတွေ မှတ်ပုံတင်ရေးနဲ့ ပတ်သက်ပြီးတော့ ဥပဒေ အသစ် ပြဌာန်းလိုက်တဲ့ အတွက် ကြောင့် ပါတီဆက်လက် ရပ်တည်နိုင်ရေးအတွက် လျှောက်ထားတဲ့ ပါတီတွေ ရှိသလို ဆက်လက်ပြီးတော့ မလျှောက်တဲ့ ပါတီတွေလည်း ရှိကြတာပဲ။ ANP ပါတီအနေနဲ့တော့ ဆက်လက် ရပ်တည်ဖို့ လိုအပ်တယ် ဆိုပြီးတော့ လျှောက်ထားတာ။ ဒါပေမယ့် ANP ပါတီ အရင်က တစ်နိုင်ငံလုံး အကျုံးဝင်တဲ့ နိုင်ငံရေး ပါတီအဖြစ်နဲ့ လျှောက်ထားနိုင်ခဲ့တယ်။ အခု ဥပဒေ အသစ်ရဲ့ကန့်သတ်ချက်အရ ရခိုင်ပြည်နယ် အတိုင်းအတာ လောက်သာ အကျုံးဝင်တဲ့ နိုင်ငံရေးပါတီအဖြစ်နဲ့ လျှောက်ထားတာ။ ရခိုင်ပြည်နယ်မှာ နိုင်ငံရေး ပါတီတွေ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေ စိတ်မဝင်စားဘူးလို့ ပြောတာနဲ့ ပတ်သက်ပြီးတော့ ဘာမှ မပြောလိုပါဘူး။ ပြည် သူတွေစိတ် မဝင်စားဘူးလို့ ဘယ်လောက်ပြောကြလဲ။ အာမခံမှု ဘယ်လောက်ရှိလို့ ရာခိုင်နှုန်း ဘယ်လောက်က ပြောကြလဲ အဲဒါတွေ မရှိဘဲနဲ့ အလွယ်တကူတော့ ပြည်သူတွေ စိတ်မဝင်စားပါဘူးလို့ ပြောလို့ မရပါဘူး။

မေး။ ။ ANP ပါတီ အနေနဲ့ အရင်က တစ်နိုင်ငံလုံး အတိုင်းအတာကနေ အခု ပြည်နယ်အဆင့် မှတ်ပုံတင်ရတာ ဘာကြောင့်လဲ။

ဖြေ ။ ။ ANP အနေနဲ့ ဘာပြောစရာရှိလဲ ဆိုရင် ရခိုင်လူမျိုး တစ်မျိုးတည်းကိုသာ ကိုယ်စားပြုပြီးတော့ ရပ်တည် မယ့် ပါတီ ဆိုတာလည်း မမှန်ပါဘူး။ ရခိုင်ပြည်ထဲမှာ ရခိုင်တိုင်းရင်းသားတွေ ရှိသလို ရခိုင် လူမျိုး မဟုတ်တဲ့ တခြား တိုင်းရင်းသားတွေလည်း ရှိတယ်။ အဲဒီ တိုင်းရင်းသား အသီးသီးဟာလည်း ANP ပါတီမှာ ပါတီဝင် အဖြစ်နဲ့ ပါဝင်နိုင်ကြသလို တကယ်လို့ ရွေး ကောက်ပွဲ ဖြစ်လာလို့ ရွေးကောက်ပွဲ ဝင်မယ်ဆိုလို့ရှိရင်လည်း သူတို့တွေဟာ ANP ပါတီရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ လည်း ပါကောင်းပါဝင်လာနိုင်ပါတယ်။ အဲဒါကြောင့် ANP ပါတီဟာ ရခိုင်လူမျိုးတွေရဲ့ Identity (ကိုယ်ပိုင်လက္ခဏာ) ကို အဓိကထား ပေမယ့်လည်း ရခိုင်လူမျိုး တစ်မျိုး တည်းကိုသာ ကိုယ်စားပြုပြီးတော့ ဖွဲ့စည်းထားတဲ့ ပါတီမဟုတ်ဘူး။ ရခိုင်ပြည်ထဲမှာရှိတဲ့ တိုင်းရင်းသား အား လုံးကို အကျုံးဝင် ပြီးတော့ လွမ်းခြုံလို့ ဒီဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေအပါ အဝင် Resource development အဲဒါတွေ လုပ်ကိုင် ဆောင်ရွက်ဖို့ အတွက် ရည်ရွယ်လို့ ဖွဲ့စည်းထားတဲ့ ပါတီဖြစ်တယ်။

မေး ။ ။ ရွေးကောက်ပွဲအတွက် ANP ပါတီအနေနဲ့ ဘယ်မြို့နယ်တွေမှာ အဓိက ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိလဲ။ ဘာတွေ လုပ်ဆောင်နေတာတွေရှိလဲ။

ဖြေ ။ ။ ANP ပါတီက ဥပေဒ အသစ်ပြဌာန်းလိုက်တဲ့ အချိန်မှာ ပထမတုန်းက ဖြတ်သန်းလာတဲ့ ANP ပါတီဟာ ပြည်ထောင်စု တစ်ခုလုံး အကျိုးဝင်တဲ့ နိုင်ငံရေးပါတီက ရပ်စဲသွားပြီးတော့ ပါတီအသစ်အနေနဲ့ ပြန်ပြီးတော့ ပါတီ မှတ်ပုံတင် တာလွဲရင် ကျန်တာတွေ အကုန်လုံး အသစ်လို့ ပြန်လုပ်ရတယ်။ မူလက ရှိခဲ့တဲ့ ပါတီဝင်တွေကို ပြန် လည် ဆက်သွယ်တဲ့ အခါတော့ လူတွေ အနေနဲ့က ANP ပါတီမှာ ဆက်လက်ပြီးတော့ ပါတီဝင်အဖြစ်နဲ့ ဆက်လက် ရပ်တည်လိုသူတွေ ရှိသလို ကျနော်တို့ နိုင်ငံပါတီတွေမှာ မလုပ်ချင်တော့ဘူး။ မပါဝင်ချင်တော့ဘူးဆို ပြီးတော့ သာမန် အရပ်သားတစ်ယောက် အနေနဲ့ပဲ သာမန် မဲဆန္ဒရှင် ပြည်သူ တစ်ယောက်အနေနဲ့ နေတော့မယ် ဆိုတဲ့ ပုဂ္ဂိုလ်တွေ လည်းရှိလာ နိုင်တာပဲ။ နောက်အသစ် နိုင်ငံရေး ပါတီဝင်လာတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိလာ နိုင်ပါတယ်။

မေး ။ ။ အခုက NLD ပါတီအားကောင်းခဲ့တဲ့ ရခိုင်က တောင်ပိုင်းမြို့နယ်တွေမှာ ကြံခိုင်ရေးပါတီ စည်းရုံမှုတွေ ရှိလာ နေတယ်။ ဆိုတော့ ANP အနေနဲ့ရော ဘယ်လိုမျိုးစည်းရုံးသွားဖို့ စီစဉ်ထား တာတွေ ရှိပါသလဲ။

ဖြေ ။ ။ ကျနော်တို့ ရခိုင်အမျိုးသား၊ ရခိုင်တိုင်းရင်းသားတွေ အနေနဲ့ အစဉ်အလာအားဖြင့် အမျိုးသားရေးအား Identity ကောင်းတာက မြောက်ပိုင်းက အားကောင်းတယ်။ ဒါကြောင့် နိုင်ငံရေး မဲဆွယ်စည်းရုံးတဲ့ အခါမှာ ဒီ Identity အရ မြောက်ပိုင်း အလေး ထားပြီးတော့ ပြောဆို စည်းရုံးရတာတွေ ရှိပါတယ်။ ဒီဖက် တောင်ပိုင်းတွေ မှာလည်း မြောက်ပိုင်းက မြို့နယ်တွေလို့ပဲ အတူတူ စည်းရုံး လှုံ့ဆော်တဲ့ စည်းရုံးရေး ကြွေးကြော်သံတွေက အတူ တူပါပဲ။ ဒါပေမယ့် ရခိုင် မြောက်ပိုင်းမှာ အမျိုးသားရေး စိတ်ဓာတ်အားကောင်းပြီးတော့ တောင်းပိုင်းမှာကျရော အမျိုးသား နိုင်ငံရေးဖက်မှာ အစဉ်အလာအားဖြင့် အားနည်းပါတယ်။ ပြည်မ နိုင်ငံရေး ပါတီတွေရဲ့ နိုင်ငံရေး လွှမ်းမိုးမှု ရေချိန်မှာ နစ်မျောပြီးတော့ လာခဲ့တာတွေ့ ရှိပါတယ်။ ဒီလို ပြည်မ နိုင်ငံရေးပါတီတွေရဲ့ ရေစီးကြောင်း မှာ လိုက်ပါ နေရုံလောက်နဲ့ ရခိုင်ဒေသခံ တိုင်းရင်းသားတွေရဲ့ Identity ကို ဖော်ဆောင်တဲ့နေရာမှာ သိပ်ပြီးတော့ ထိရောက်မှု မရှိဘူး။ မိမိတို့ ရခိုင်လူမျိုးတွေရဲ့ Identity ကို အဓိကထားပြီးတော့ ရခိုင် အမျိုးသား ပါတီကို ထူ ထောင်ခဲ့တဲ့အခါ အခုဆိုရင် ကျနော်တို့ ၁၉၉၉ ခုရွေးကောက်ပွဲ နောက်ပိုင်း ၂၀၁၀ က စပြီးတော့ ပြန်လည်ပြီး တော့ နိုင်ငံရေးပါတီ ထောင်တဲ့အခါ ၁၀ နှစ်ကျော်တာ ကာလမှာ မြောက်ပိုင်း၊ တောင်းပိုင်း ရခိုင်သား တွေရဲ့ နိုင်ငံရေး နိုးကြားမှုတွေက အတူတူဖြစ်သွားကြပါပြီ။ အရင်တုန်းကတော့ NLD ပါတီ၊ ဖဆပလ ပါတီ ၊ နောက် ကြံခိုင်ရေးပါတီ စသည့်အားဖြင့် ရှိခဲ့တယ်။ ဖဆပလ ခေတ်ကလည်း ပဆပလ အဖွဲ့အစည်းကိုပဲ ကျနော်တို့ တောင်ပိုင်းဖက်က အများဆုံးမဲပေးခဲ့ကြသလို ပြည်ခိုင်ဖြိုး ခေတ်မှာလည်း ပြည်ခိုင်ဖြိုးကို အားပေးခဲ့ကြတယ်။ NLD ခေတ်မှာလည်း ရခိုင် တောင်ပိုင်းက သံတွဲ ခရိုင် မြို့နယ်တွေဟာ NLD ကို ပိုပြီးတော့ အားပေးတဲ့ ဟာတွေ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ၂၀၂၀ ရွေးကောက်ပွဲ လောက်က စပြီးတော့ အရင်ကထက် သိသိသာသာ ရခိုင် အမျိုး သား နိုင်ငံရေးပါတီတွေကို အားပေးလာကြတာ တွေ့ရပါတယ်။

‌မေး ။ ။ တစ်ဖက်မှာလည်း ဒီရွေးကောက်ပွဲကို NUG က အသိအမှတ်မပြုဘူး။ မှတ်ပုံတင်တဲ့ ပါတီတွေကို အရေးယူမယ်ဆိုပြီးတော့ ပြောထားတာတွေရှိတယ်။ ဒီအပေါ်မှာရော ပြောစရာတွေ ရှိမလား။

ဖြေ ။ ။ မြန်မာနိုင်ငံမှာ အခုရွေးကောက်ပွဲ ပြုလုပ်မယ့်ဟာက လက်ရှိ နိုင်ငံရေး အာဏ ၃ ရပ်ကို စီမံခန့်ခွဲနေတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ(စစ်ကောင်စီ)က ပြောထားတဲ့ အစီစဉ်နဲ့ လုပ်မယ့် ရွေးကောက်ပွဲလို့ပဲ ကျနော်တို့ သိပါတယ်။ တခြား အဖွဲ့အစည်းတွေက လုပ်မယ့် ရွေးကောက်ပွဲမှ မဟုတ်တာ။ ရွေးကောက်ပွဲ မလုပ်တဲ့ တခြား အဖွဲ့အစည်း တွေရဲ့ အယူအဆတွေ၊ သဘောထားတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အနေနဲ့ တုန့်ပြန် ပြောဆိုစရာ မလိုအပ် ပါဘူး။

မေး။ ။ နောက်ပြီးတော့ စစ်ကောင်စီနဲ့ ပူပေါင်းဆောင်ရွက်တဲ့ ပါတီ လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ အားပေးကူညီရာ ရောက်တယ်ဆိုပြီးတော့ NLD က ပြောဆိုချက်ကို ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ ဒီဟာကတော့ ဖြေစရာမလိုတဲ့ ကိစ္စလို့ပဲ သဘောပြပါတယ်။ ဒါပေမယ့် ဒီမှာ ပြည်သူ့ပါတီ ခေါင်း ဆောင် ဦးကိုကိုကြီး ပြောတဲ့ စကားရှိတယ်။ နိုင်ငံရေး သေသွားအောင် လုပ်ကြမလား။ အဲဒါ ပြည်သူတွေက ရွေး ချယ် ဆုံးဖြတ်ရမယ့် အလုပ်။ အဲဒီလိုပဲ တုန့်ပြန်ပြောပါရစေ။

မေး ။ ။ ANP ပါတီအနေနဲ့ ရခိုင်ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စိတ်ဝင်စားလာအောင် ဘာများ ဖြည့်စွက်ပြီးပြောချင်ပါသလဲ။

ဖြေ ။ ။ ဗိုလ်ချုပ်နေဝင်း အာဏသိမ်းပြီးတဲ့ နောက်ပိုင်း ၁၉၉၉ ခုနှစ် ရွေးကောက်ပွဲမှာလည်း ပါတီစုံ ခေတ် မှာ ပြည်သူတွေက မဲပေးခဲ့ကြတယ်။ ၂၀၁၀ ခုနှစ်မှာလည်း မဲပေးဖူးခဲ့ကြတယ်။ ၂၀၁၅ မှာလည်း မဲပေးဖူး ခဲ့ကြတယ်။ ၂၀၂၀ မှာလည်း မဲပေးဖူးခဲ့ကြတယ်။ ဆိုတော့ မဲပေးတဲ့ အလုပ်ဟာ ပြည်သူတွေအလုပ်ပဲ။ ယုံယုံကြည် ကြည်ရှိတဲ့ သူတွေက မဲပေးကြတယ်။ မဲပေးစရာ မလိုဘူးဆိုတဲ့ လူတွေကလည်း မဲမပေးကြဘူး။ မဲပေးတဲ့အခါ လည်း ကိုယ်ထောက်ခံတဲ့ ကိုယ့်နှစ်သက်တဲ့ အဖွဲ့အစည်းတွေကို ကြိုက်သလို မဲပေးတာက အစဉ်အလာဖြစ် တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ပြည်သူတွေကို ဘာမှ လှုံဆော်စရာတော့ အထွေအထူးပြောစရာ မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ မဲဆွယ်စည်းရုံးရေးကာလ၊ မဲဆွယ်စည်းရုံးရေးမတိုင်မီ ပါတီ စည်းရုံးရေးကာလတွေမှာတော့ ပါတီ လုပ်ဆောင်ချက်တွေ၊ လုပ်ငန်းစဉ်တွေကို ပေါ်လာမှာပါ။

အောင်ထိန် (DMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here