လေပြင်းတိုက်၍ ပြိုပျက်သွားသော စစ်ဘေးရှောင်စခန်းများအား ပြန်ဆောက်ရန် အကူအညီ လိုအပ်နေ

0
230
ပုံစာ- လက်ရှိ ပြိုပျက်သွားသည့် စစ်ဘေးရှောင်စခန်းမှ တဲအိမ်များကို တွေ့ရစဉ်။

ရခိုင်တွင် ပြီးခဲ့သည့်ရက်ပိုင်းက လေပြင်းတိုက်၍ ပျက်စီးသွားခဲ့သည့် စစ်ဘေးရှောင် စခန်းများအား ပြန်လည်ပြုပြင်ရန် အကူအညီများလိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများက ပြောဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၀ ရက်က မိုးသက်လေပြင်းများ ရုတ်တရက်တိုက်ခတ်ခဲ့သည့်အတွက် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်စသည့် မြို့နယ်များတွင် တည်ဆောက်ထားသည့် စခန်းများရှိတဲအိမ်ငယ် ၁၀၀ နီးပါးမှာ ပျက်စီးသွားခဲ့သည်ဟု သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင် စစ်ဘေးရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့စခန်းမှာ အားလုံးစုစုပေါင်း ၁၅ ဆောင်လောက်ပျက်စီးသွားတယ်။ အဲဒါကို ဝိုင်းဝန်းပြီးတော့ ကျနော်တို့ ပြန်လည်တည်ဆောက်ထားကြပြီ။ ဒါပေမဲ့ မိုးရာသီအတွက်က အဆင်မပြေဘူး။ ကျနော်တို့ စခန်းမှာရှိတဲ့ တဲအိမ်အများစုမှာ တာပေါ်လင်စတွေ မိုးထားတာပါ။ ဓနိမိုးထားတဲ့အိမ်တွေက နည်းတယ်။ မိုးရာသီမှာ လေတိုက်လို့ရှိရင် တာပေါ်လင်တွေက ကွာကျတတ်ပါတယ်။ ဒါကြောင့် အဆင်မပြေဘူး” ဟု ပြောသည်။

၄င်းစခန်းသည် ၂၀၂၂ ခုနှစ်က တကျော့ပြန်တိုက်ပွဲကာလအတွင်းက တည်ဆောက်ခဲ့သည့်စခန်းဖြစ်ပြီး စခန်းတွင် အိမ်ထောင်စု ၇၇ ဆောင်၊ လူဦးရေ ၃၅၀ ကျော်ရှိကြောင်း သိရှိရသည်။

စခန်းတွင်းနေထိုင်သူများမှာ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်က ဗုဒ္ဓေါ၊ ကွမ်းအုံစု၊ ချောင်းတူ၊ ရွက်ညိုတောင် စသည့်ကျေးရွာသားများဖြစ်ကြသည်။

ယင်းစခန်းတွင် နေထိုင်သည့် စစ်ဘေးဒုက္ခသည်များ၏ ကျေးရွာအနီးတွင် စစ်ကောင်စီတပ်သားများ၏ တပ်စခန်းများရှိနေသည့်အတွက် မိမိနေရပ်သို့ ပြန်သွားရန်လည်း အဆင်မပြေဟု ဆိုကြသည်။

ရသေ့တောင်မြို့နယ်၊ ပြားချောင်းကြီးစစ်ဘေးရှောင်စခန်းတွင်လည်း လေပြင်းတိုက်၍ စခန်းရှိတဲအိမ်များပျက်စီးသွားပြီး ပြန်လည်တည်ဆောက်ရန် အကူအညီများ အရေးတကြီးလိုအပ်နေသည်ဟု စခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီစခန်းက ၂၀၂၀ ကနေဆောက်ထားတာ။ မိုးရာသီမှာတော့ လုံးဝနေလို့အဆင်မပြေဘူး။ ဒါကြောင့် ဝိုင်းဝန်းပြီးတော့ ဆောက်ပေးစေချင်တယ်။ အကူအညီတွေလိုချင်ပါတယ်” ဟု ပြောသည်။

ပြားချောင်းကြီးစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၅၆စု၊ လူဦးရေ ၁၉၀ ခန့်ရှိပြီး စခန်းတွင်နေထိုင်သူများမှာ ငတောက်တူချေကျေးရွာနှင့် သောင်းဒြားကျေးရွာမှ ဖြစ်ကြသည်။

၄င်းကျေးရွာအနီးတွင်လည်း စစ်ကောင်စီ တပ်စခန်းများရှိနေသည့်အတွက် နေရပ်ပြန်ရန် အဆင်မပြေဟု စစ်ဘေးရှောင်များက ဆိုသည်။

အလုပ်အကိုင်မရှိသလို ဝင်ငွေလည်း မရှိကြသည့်အတွက် ပြိုပျက်သွားသည့် စခန်းတွင်းရှိ တဲအိမ်ငယ်များအား ကိုယ်တိုင် တည်ဆောက်ရန်မှာလည်း မဖြစ်နိုင်ကြောင်း စစ်ဘေးရှောင်များက ဆိုကြသည်။

ရခိုင်ပြည်နယ် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိဖြစ်ပွားခဲ့သော တိုက်ပွဲကာလအတွင်း စစ်ဘေးရှောင်ဦးရေ ၂ သိန်းကျော်အထိရှိခဲ့ပြီး လက်ရှိအချိန်ထိ စစ်ဘေးရှောင် ၆ သောင်းကျော်မှာ နေရပ်မပြန်နိုင်သေးဟု ယူအန်က ထုတ်ပြန်သည့် စာရင်းဇယားများအရ သိရှိရသည်။

လက်ရှိတွင် စစ်ကောင်စီတာဝန်ရှိသူများသည် ရခိုင်မှ စစ်ဘေးဒုက္ခသည်များမှာ နေရပ်ပြန်ပို့နေသလို ကျန်ရှိနေသည့် ဒုက္ခသည်များကိုလည်း နေရပ်ပြန်ရန် ဖိအားပေးပြောဆိုလျက်ရှိသည်ဟု စစ်ဘေးရှောင်များက ပြောဆိုသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here