အာဏာသိမ်းစစ်ကောင်စီနှင့် UWSA ၊ SSPP ၊ NDAA တို့ နေပြည်တော်တွင် တွေ့ဆုံ

0
338

ငြိမ်းချမ်းရေးညီလာခံနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရန် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးအဖွဲ့ (NSPNC) နှင့် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့တို့ မတ်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

အဆိုပါတွေ့ဆုံမှုကို မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဖြစ်သည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ တက်ရောက်ခဲ့သည်။

NSPNC နှင့် ယင်းအဖွဲ့တို့တွေ့ဆုံပြီး အဖွဲ့အသီးသီး၏ လိုလားချက်များ၊ ဒေသဖွံ့ဖြိုးရေး၊ ဒေသတည်ငြိမ်ရေး၊ ရွေးကောက်ပွဲကျင်းပရေး၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှ အခြေခံကျသောပုဒ်မများ ပြင်ဆင်နိုင်ရေးကိစ္စများအား ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ယခုဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ‘၀’ အဖွဲ့က တရုတ်ပြည်၏ မြန်မာပြည်အပေါ်ထားသည့် သဘောထားအမြင်ကို ဆက်လက်ပြီး ရပ်တည်သွားတဲ့ အနေအထားဟု ပြောဆိုသည်။

“တစ်ခုလုံးခြုံပြောရရင်တော့ ‘၀’ အဖွဲ့က တရုတ်ပြည်ရဲ့ မြန်မာပြည်အပေါ်ထားတဲ့ သဘောထားအမြင်ကို ဆက်လက်ပြီး ရပ်တည်သွားတဲ့ အနေအထားပါ။ ဆိုလိုတာကတော့ ဒီနေ့ဖြစ်နေတဲ့ နွေဦးစစ်ဆင်ရေးမှာ စကစ က တိုက်ခိုက်တာရော၊ NUG နဲ့အတူ ဆန့်ကျင်တာတွေရော မလုပ်ပဲနဲ့ ကြားနေဖို့ တရုတ်ပြည်က တောင်းဆိုထားတဲ့အနေအထားပေါ်မှာ သူတို့ရဲ့ ဒေသဆိုင်ရအခွင့်အရေးတွေ၊ သူတို့ရဲ့ ဒေသဆိုင်ရာ အကျိုးစီး ပွားတွေနဲ့ပတ်သက်ပြီးတော့ စစ်ကောင်စီနဲ့ ဆွေးနွေးပြောဆိုကြတဲ့ အနေအထားပါ။ စစ်ကောင်စီက လည်း နွေဦးတော်လှန်ရေးထဲမှာ ၀ အဖွဲ့ပါဝင်သွားမှာကို သူတို့အနေနဲ့ စိုးရိမ်တဲ့အတွက် ၀ အဖွဲ့ရဲ့ ဒေသဆိုင်ရာ တောင်းဆိုချက်တွေ အကျိုးစီးပွားတွေနဲ့ ပတ်သက်တဲ့ တောင်းဆိုချက်တွေကို ဆွေးနွေး ညှိနှိင်းပြီး တစ်စုံတရာလိုက်လျောဖြေရှင်းခြင်းအားဖြင့် နွေဦးတော်လှန်ရေး အင်အားစုတွေဘက်ကို ပါမသွားရေးအတွက် ငြိမ်းချမ်းရေးပွဲတွေ၊ ဆွေးနွေးပွဲတွေ ကျင်းပနေတာ ဆွဲဆောင်နေတာလို့ပဲ သုံးသပ်ပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

နှစ်ဖက် အပြန်အလှန်ဆွေးနွေးချက်များအား သဘောတူညီချက် ရယူကာ မတ်လ ၂၃ ရက် ယနေ့ ထပ်မံ တွေ့ဆုံမှုတွင် လက်မှတ်ရေးထိုးသွားမည်ဟုလည်း သိရှိသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here