ဝေါမြို့နယ်အတွင်းရှိ စစ်တောင်းမြစ်ကမ်းတစ်လျောက်ရှိ ဒေသခံများအား စစ်ကောင်စီက လုံခြုံရေးအတင်းအကြပ် ယူခိုင်းနေဟုဆို

0
251

စစ်ကောင်စီက ဝေါမြို့နယ်အတွင်း စစ်တောင်းမြစ်ကမ်းနားတစ်လျှောက်ရှိ ရွာများတွင် ပြီးခဲ့သည့်အပတ်မှစ၍ ကျေးရွာနေဒေသခံများအား အတင်းအကြပ်လုံခြုံရေးယူခိုင်းခြင်းသည် လူသားဒိုင်းပုံစံလုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဝေါမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

အဓိအားဖြင့် လက်ပံရွာ၊ မြစ်ကျိုးရွာနှင့်ပင်ရွာတို့တွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများကို တာဝန်ပေး၍ တစ်အိမ်လျှင်တစ်ယောက်နှုန်းဖြင့် မစောင့်မနေရ သတ်မှတ်ကာ လုံခြုံရေးယူခိုင်းထားပြီး အဆိုပါဒေသခံများအား ပျူစောထီးများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်ပူးတွဲတာဝန်ချထားကြောင်း ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူက ယခုလိုပြောသည်။

၎င်းက “အိမ်တစ်အိမ်ကို တစ်ယောက်စီအလှည့်ကျ မစောင့်မနေရဆိုပြီး အမိန့်ပေးစောင့်ခိုင်းတယ်။ မစောင့်နိုင်ဘူးဆိုရင် ရွာသားတွေဆီကငွေကောက်ခံတယ်။ ကင်းလှည့်စစ်ဆေးတာလည်း ရဲနဲ့ပျူစောထီးတွေပဲ လိုက်စစ်တယ်။ စစ်ကောင်စီတပ်သားတွေကကျတော့ ဘယ်သွားအိပ်လို့အိပ်နေမှန်းမသိဘူး။ ရွာသားတွေက သူတို့ကို ကင်းစောင့်ပေးရတဲ့ပုံစံမျိုးဆိုတော့ ကျနော်တို့အတွေ့အကြုံအရ ဒါဟာ ရွာသားတွေကို လူသားဒိုင်းပုံစံမျိုး လုပ်ဆောင်ခိုင်းနေတယ်ဆိုတာ သေချာပါတယ်။” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ထို့ကဲ့သို့ ဒေသခံများအား လူသားဒိုင်းသဖွယ် လုပ်ဆောင်နေသည့်ကိစ္စရပ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၆) ရက်နေ့က ဘုရားပျိုကျေးရွာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝေါ (ပကဖ) က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သလို ယခုမတ်လအတွင်း ကေအဲန်ယူ တပ်မဟာ (၁) နှင့် တပ်မဟာ (၅) မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် မဟာမိတ်တပ်ဖွဲ့များ ပဲခူးတိုင်းဒေသကြီးသို့ တိုက်ပွဲဖော်ဆောင်လာမည့် သတင်းများပြန့်နှံ့နေသောကြောင့်လည်း စစ်ကောင်စီအနေဖြင့် ယခုလို လုပ်ဆောင်နေခြင်းဖြစ်နိုင်ကြောင်း ဝေါမြို့(ပကဖ)၏ တာဝန်ရှိသူက ဆက်ပြောသည်။

အလားတူ အခြားဒေသခံတစ်ဦးကလည်း “မြစ်ကျိုးဘက်မှာလည်း အဲ့ဒီလို လုံခြုံရေးယူခိုင်းနေတာပါ။ လုံခြုံရေးယူရတဲ့နေရာမှာလည်း အဓိကကတော့ ပျူစောထီးတွေလို သူတို့စစ်ကောင်စီလက်အောက်ခံတွေကို လက်နက်တပ်ဆင်ပေးတာပေါ့။ ရွာသားတွေကတော့ လက်နက်မကိုင်ရဘူး” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ထိုအပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလက ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်စဥ် အဆိုပါကျေးရွာရှိ ဒေသခံ (၄) ဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းမျိုးရှိခဲ့သလို ယခုနောက်ပိုင်းတွင်လည်း အထက်ပါပုံစံအတိုင်း ဗျုဟာကျကျလုပ်ဆောင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လုပ်ဆောင်သည့်အလား ဝါဒဖြန့်နေကြကြောင်း ဝေါမြို့နယ် (ပကဖ) က သုံးသပ်ပြောဆိုသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီက မတ်လ (၈) ရက်နေ့က စတင်၍ စစ်ကြောင်းထိုးဝင်ရောက်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ (၆) ထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးအကူအညီများပေးရန် လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။

နန့်ဆန်းထီ (KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here