ဝက်လက်တွင် စစ်ကောင်စီတပ်က နေအိမ်များ မီးရှို့ပြီး ရမ်းသန်းပစ်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံး

0
175

ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ထဲတွင် စစ်တပ်က နေအိမ်များကို လိုက်လံမီးရှို့ခဲ့သည့်အပြင် ၎င်းတို့၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိမှန်သေဆုံးသူ နှစ်ဦးရှိသည်ဟု ဒေသခံများက ပြောသည်။

ဝက်လက်မြို့နယ်၊ အောင်ချမ်းသာ ကျေးရွာတွင်းရှိ ပြည်သူပိုင်နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ ဖျက်ဆီးသွားခြင်းဖြစ်သည်။

ဒေသခံ အမျိုးသမီးတစ်ဦးက “ရွာက စပါးစက်ကိုလည်း ရှို့သွားတာ။ မန်နေဂျာရုံးထဲရယ်၊ အဲ့စက်ရုံးထဲရှိတဲ့ တိုက်အိမ်ရယ် ရှို့သွားတာ။ ဘုရားကိုတော့ အပြင်ဘက်ထုတ်ပြီးတော့ အနောက်ဘက်ခြမ်းကနေ ရှို့သွားတာ။ စပါးတွေရော ရှို့သွားတာ။ ပေါင်းဖိုတွေ ဘာတွေလည်းပါသွားတာပေါ့နော်။ ပေါင်းဖို့ကလည်း သိန်းရာဂဏာန်းရှိတာ။ အဲ့ဒီရွာကို လက်နက်ကြီးနဲ့ လှမ်းထုတာ အသက်ကြီးတဲ့ အဘွားတစ်ယောက်ပါသွားတယ်” ဟု ပြောသည်။

မုဆိုးခြုံဘူတာကျေးရွာ‌သို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရောက်ရှိနေသည့် ရှမ်းပြည်နယ် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှာ စစ်ကောင်စီတပ်ဖွဲ့သည် တောင်ဘက်လယ်ကိုင်းကျေးရွာအပြင် အောင်ချမ်းသာ ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခြင်း ဖြစ်သည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက “အောင်ချမ်းသာဘက်ကို ရှို့တယ်။ ပစ်ကြခတ်ကြ တာလည်း ရှိတယ်။ အကျအဆုံးလည်း ရှိတယ် ပြောတယ်။ အခုလူတွေက ရှမ်းပြည်က ဒီဘက်ကို ပို့ထားတဲ့ အဖွဲ့တွေ ရှိတယ် အဲ့ဒီအဖွဲ့လို့ ပြောတယ်။ ရှမ်းပြည်ကနေ ၂၄ ရက်နေ့က ရောက်လာတဲ့အဖွဲ့တွေရှိတယ်။ သူတို့ ကလာတော့ လမ်းပြတွေလည်း ပါလာတယ်” ဟု ပြောသည်။

စစ်ကောင်စီသတင်းပေး လမ်းပြ ဒလန်ဆိုသူများ၏ လက်ညှိုးထိုး ပြောပြချက်အရ PDF အဖွဲ့ဝင်များ၏ အိမ်ဟုဆိုကာ မုဆိုးခြုံဘူတာကျေးရွာထဲက အိမ်များကို မီးရှို့သွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ မီးရှို့ခံရမှုထဲ နေအိမ် ၁၀ လုံးကျော်ပါသွားသည့်အပြင် ဆန်စက်တစ်လုံလည်း မီးရှို့ ဖျက်ဆီးခံလိုက်ရသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်မီးရှို့ချိန် မုဆိုးခြုံဘူတာကျေးရွာက ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြစဉ် စစ်ရှောင်နေသော အသက် ၆၀ ခန့် လူကြီးတစ်ဦးအား စစ်ကောင်စီတပ်မှ ပစ်ခတ်သတ်ဖြတ်သွားသည့်အပြင် ၎င်းတို့၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှူကြောင့် အဖွားအိုတစ်ဦးလည်း ကျည်စထိမှန် သေ ဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဝက်လက်မြို့နယ်အတွင်းရှိ မုဆိုးခြုံဘူတာကျေးရွာ၊ တောင်ဘက်လယ်ကိုင်းကျေးရွာနှင့် အောင်ချမ်းသာ ကျေးရွာအနီးတဝိုက် မတ်လ ပထမပတ် ယနေ့အချိန်အထိ စစ်ရေးလှုပ်ရှားနေသည်ဟု ဒေသခံများက ဆိုသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here