ဖောင်းပြင်မြို့နယ်အတွင်း နေအိမ်များအား စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးစဉ် ဒေသခံ မသန်စွမ်းတစ်ဦး သေဆုံး

0
171

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်များ ပူးပေါင်းကာ ပြည်သူများ၏ နေအိမ်အချို့ကို မီးရှို့ခဲ့ရာ မသန်စွမ်းတစ်ဦးပါ မီးလောင်သေဆုံးသွားခဲ့သည့်အပြင် လေကြောင်းမှ ပစ်ခတ်မှု များပါ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဖောင်းပြင်မြို့နယ်၊ အရှေ့မြင်သာကျေးရွာထဲသို့ စစ်တပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များ ဝင်ရောက်လာပြီး မီးရှို့ခဲ့ခြင်းဖြစ်သည်။

ဒေသခံ အမျိုးသားတစ်ဦးက “ဖောင်းပြင်တပ်နဲ့ ပျူတွေပူးပေါင်းပြီး လုပ်သွားတာ။ ကလေးပေါက်တော့ မပါဘူး။ အသက် ၂၂ နှစ် မသန်စွမ်းတစ်ယောက်ပဲ ပြောတယ်ဗျ။ ရွာမီးရှို့တော့ ပါသွားတာ ဟုတ်တယ်ဗျ။ သူတို့ သိသိကြီးနဲ့ ရှို့လိုက်တဲ့ပုံစံမျိုးလို့ ပြောတယ်ဗျ” ဟု ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့တို့၏ မီးရှို့မှုကြောင့် နေအိမ် ၁၅ လုံးမီးလောင်သွားသည်ဟု ဆိုသည်။

အဆိုပါ မီးရှို့မှုအတွင်း နေအိမ်တစ်လုံး အထဲတွင် ရှိနေသည့် အသက် ၂၂ အရွယ် လူငယ် မသန်စွမ်းတစ်ဦးပါ မီးထဲပါပြီး မီးလောင်သေဆုံးသွားသည်ဟု ဆိုသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်ခန့်က ဖောင်းပြင်မြို့နယ်၊ အရှေ့မြင်သာကျေးရွာထဲသို့ ဖောင်းပြင်စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့များက ဝင်ရောက်လာပြီးနောက် ယခုကဲ့သို့ မီးရှို့သွားခဲ့ခြင်းဖြစ်သည်။

အလားတူ မတ်လ ၁ ရက်နေ့တွင် အရှေ့မြင်သာကျေးရွာကို ကလေးမှ တက်လာသည့် တိုက်လေယာဉ်တစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့တို့၏ မြေပြင်စစ်ကြောင်းသည်လည်း အနောက်မြင်သာကျေးရွာဘက်သို့ ဆုတ်သွားပြီး အဆိုပါရွာတွင် စခန်းချထားသည်ဟု မြေပြင် သတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ သိရသည်။

လက်ရှိအချိန်ထိ ဖောင်းပြင်မြို့နယ်အတွင်း စစ်ကောင်စီ၊ ပျူစောထီး ပူးပေါင်းအဖွဲ့များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များအကြား နှစ်ဖက်အပြန်အလှန် စစ်ရေးတင်းမာလျှက်ရပြီး ဒေသခံများကလည်း နှစ်ဖက်လက်နက်ကိုင်တို့အကြား တိုက်ပွဲများ ပြင်းထန်လာမည်ကို စိုးရိမ်နေကြသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here