မြစ်ကြီးနားမြို့နယ်အတွင်း တိုက်ပွဲပြန်လည်ဖြစ်လာမည်ကို စိုးရိမ်သဖြင့် စစ်ရှောင်ပြည်သူများ ထွက်ပြေးနေရ

0
114

မြစ်ကြီးနားမြို့ နယ် ဟိုကပ်၊ ရေကြည်၊ သာပတောင်း ကျေးရွာစစ်ရှောင်ပြည်သူများ နေရပ်ပြန်လည်နေထိုင်သည့် ၃ နှစ်မပြည့်မီ တိုက်ပွဲပြန်လည်ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ပြန်လည်ထွက်ပြေးနေရ ကြောင်းသိရသည်။

၎င်းကျေးရွာမျာထဲတွင် ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယခုထိ နှစ်ဖက်‌စစ်ရေးတင်းမာနေသောကြောင့် ဒေသခံ ၂၀၀ ဝန်းကျင် ဖရော်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင် လာခဲ့ကြောင်း စစ်ရှောင်တစ်ဦးက KNG သို့ပြောသည်။

“ ရွာထဲမှာ စစ်သားတွေလည်းရှိနေတော့ မလုံခြုံဘူး ဘယ်ချိန်မှာ ကျနော်တို့ကိုရိုက်နှက်ဖမ်းဆီးတာတွေ လုပ်လာမလဲ စိုးရိမ်တယ်။ ပြီးတော့ နှစ်ဖက်စလုံးက လုံးဝမဆုတ်ဘူး။ အဲကြောင့် မနက်ထဲက ပြေးလာကြတာဟုတ်တယ်” ဟု ပြောသည်။

လက်ရှိထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများသည် သာပတောင်း၊ ဟိုကပ်၊ ကောင်ရာ၊ တိုင်လွမ်၊ ရေကြည် အစရှိသည့် ကျေးရွာများဖြစ်ပြီး မတ်လ ၄ ရက်နေ့ညမှ ဖရော KBC နှစ်ခြင်းအသင်းတော်တွင် လာရောက်ခိုလှုံနေကြောင်း သိရသည်။

ဟိုကပ်၊ သာပတောင်း၊ ရေကြည်ကျေးရွာများသည် မြစ်ကြီးနားမြို့အစွန်း ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိကျေးရွာများဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် စစ်တပ်နဲ့ KIA တို့ နှစ်ဖက်တိုက်ပွဲကြောင့် အဆိုပါဒေသမှပြည်သူများသည် မြစ်ကြီးနားမြို့သို့ ဆယ်စုနှစ်တစ်စု စစ်ဘေးတိမ်းရှောင်ခဲ့ရကြသည်။

ထို့နောက် ၂၀၁၉ ခုနှစ် NLD အစိုးရလက်ထက် စစ်ရှောင်ပြန်လည်နေရာချထားရေးအစီအစဉ်နဲ့ နေရပ်ပြန်လည်နေထိုင်နေကြသည့် ပြည်သူများရှိသကဲ့သို့ ၂၀၂၂ ခုနှစ်တွင် ပြန်လည်နေရာချနေထိုင်သူများလည်း ရှိသည်။

သို့သော် မတ်လ ၁ ရက်နေ့ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း စစ်ရေးတင်းမာနေသောကြောင့် ဒေသများ ပြန်လည်ထွက်ပြေးတိမ်းရှောင်နေရပြီဖြစ်သော်လည်း စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားပါက မိမိနေရပ်သို့ ပြန်လည်နေထိုင်မည်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ ကျနော်တို့ကတော့ စစ်ရေးအခြေငြိမ်ပြီဆိုတာနဲ့ ပြန်မှာ ခုလောလောဆယ် စားဖို့ သောက်ဖို့ အားလုံးဝိုင်းဝန်းကူညီပေးထားကြလို့ အဆင်ပြေပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ ဟိုကပ်ကျေးရွာ၊ ရေကြည်ကျေးရွာတစ်‌ လျှောက်တွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်များသည် မြစ်ကြီးနားမှတက်လာသည့် စစ်ကြောင်းနဲ့ ဆင်ဘိုမှဆင်းလာသည့် စစ်ကြောင်းများဖြစ်ပြီး အင်အား ၂၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here