မြောက်ဦး မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းတွင် ရေကျောက်ရောဂါနှင့် ပါးကျိတ်ရောင် ရောဂါများဖြစ်ပွားနေ

0
331

မြောက်ဦးမြို့ရှိ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတွင် ရေမသန့်ရှင်းမှုနှင့် ရာသီဥတုအပြောင်းအလဲကြောင့် ရေကျောက်ရောဂါနှင့် ပါးကျိတ်ရောင် ရောဂါများ ဖြစ်ပွားနေသည်ဟု သိရသည်။

ထိုစစ်ဘေးရှောင်စခန်းတွင် ကလေး၊ လူကြီး စုစုပေါင်း ၂၀ ဦးခန့် ရေကျောက်ရောဂါနှင့် ပါးကျိတ်ရောင် ရောဂါများဖြစ်ပွားနေခြင်းမှာ ၁ ပတ်ကျော်ခန့် ကြာနေဖြစ်ကြောင်း မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းမှ ကျန်းမားရေးနှင့် ပညာရေးတာဝန်ခံ ဦးဝင်းနိုင်က နိရဉ္စရာကို ပြောသည်။

“ စခန်းမှာက လက်ဆည်ကန်ကရေကိုသုံးရပါတယ်။ ရေကန်က ရေခမ်းနေပြီဖြစ်တဲ့အတွက် ခရုလေးတွေ၊ မြက်အနှစ်တွေပါတော့။ ရေကျောက်ရောဂါပေါက်တာက ရေများများချိုးရင်တော့ ပျောက်ပါတယ်။ ဒါပေမဲ့ ရေမသန့်ရှင်းတော့ အဆင်မပြေပါဘူး” ဟု ပြောသည်။

၎င်းရောဂါများကို စခန်းတွင် MSF (နယ်စည်းမခြားဆရာဝန်များအဖွဲ့) က အပတ်စဉ် သောကြာနေ့တိုင်း ဖွင့်လှစ်ထားသည့်ဆေးခန်းတွင် ပြသနေကြသော်လည်း သက်သာမှုမရှိသေးဟု သိရသည်။

ပြင်ပဆေးရုံဆေးခန်းများသို့ သွားရောက်ကုသရန်လည်း ငွေကြေးအခက်အခဲရှိကြသည်ဟု ပြောသည်။

ရေကျောက်ဆိုသည်မှာ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်ရှိ အရေပြားနှင့် နံရံအမြှေးပါးတို့တွင် အဖုအပိန့်ထွက်ကာ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်တတ်သည့်ရောဂါဟု သိရသည်။

ထိုဗိုင်းရပ်စ်သည် ကလေးများတွင် ရေကျောက်ဖြစ်စေတတ်သလိုပင် လူကြီးများတွင်လည်း ရေယုန်အရေပြားရောဂါကို ဖြစ်စေတတ်သေးသည်။

လူကြီးရေယုန်ဖြစ်ပါက ထိုအဖုအပိန့်များသည် အလွန်နာကျင်တတ်ကာ ဆိုးရွားသော နောက်ဆက်တွဲများ ဖြစ်နိုင်သည်ဟုလည်း သိရသည်။

ယခု ထိုရောဂါဖြစ်ပွားနေသည့် မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းသည် ၂၀၁၉ ခုနှစ်မှ စတင်တည်ထောင်ခဲ့သည့် စခန်းတစ်ခုဖြစ်ပြီး၊ ကျောက်တော်၊ ပလက်ဝ၊ မီးလက်ဝ မြောက်ဦး စသည့် မြို့နယ်အသီးသီးမှ ရွာပေါင်း ၁၀ ကျော်မှ ရွာသားများ နေထိုင်ကြသည်။

ဌေးဌေးအောင် (နိရဉ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here