ပုလောမြို့နယ်မှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့်ပါ ထပ်မံပိတ်ပင်ခံရ

0
349

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က စားနှပ်ရိက္ခာနဲ့ဆေးဝါး သယ်ယူခွင့်ပါ ထပ်မံပိတ်ပင်လာတယ်လို့ ဒေသခံတွေနဲ့ ပုလောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပုလောမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီက ပုလောမြို့ပေါ်ကနေ ကျေးရွာတွေဘက်ကို ဆန်အပါအဝင်စားသောက်ကုန်နဲ့ ဆေးဝါး သယ်ယူခွင့်မပေးတော့ဘဲ အစစ်အဆေးတင်းကျပ်ပြီး သိမ်းယူတာတွေ လုပ်ဆောင်နေတာပါ။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ တတိယအပတ်ကစပြီး ပုလောမြို့နယ်မှာ လောင်စာသယ်ယူခွင့် ပိတ်ပင်ပြီးနောက် အခုအခါမှာတော့ စားနှပ်ရိက္ခာနဲ့ဆေးဝါး သယ်ယူခွင့်ပါ ထပ်မံပိတ်ပင်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အခုလိုလုပ်ဆောင်မှုဟာ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ စိုးမိုးထားတဲ့နယ်မြေတွေကို ဖြတ်လေးဖြတ် ဖြတ်တောက်တာဖြစ်ပြီး ပြည်သူတွေကိုပါ ဖိနှိပ်လာတာဖြစ်တယ်လို့ ပုလောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ပင်မှုကြောင့် ပုလောမြို့နယ်ရှိ ကျေးရွာတွေဘက်မှာ လောင်စာဆီဈေး၊ စားသောက်ကုန်နဲ့ဆေးဝါးဈေးနှုန်း အရင်ထက် နှစ်ဆနီးပါး မြင့်တက်လာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ကစပြီး ပုလောမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ကဒဲ၊ သင်္ကန်းတုံးနဲ့တိုရွာတွေအပါအဝင် PDF နဲ့ KTLA တပ်ဖွဲ့တွေ စိုးမိုးထားတဲ့နေရာထဲ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲ ၇ ကြိမ်ထက်မနည်း ဖြစ်ပွားထားသလို နှစ်ဖက်ထိခိုက်သေဆုံးတာတွေလည်း ရှိနေတာပါ။

ဒါအပြင် အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဒေသခံနေအိမ် ၂၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့သလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၃ ဦးထက်မနည်းသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here