စစ်ကောင်စီတပ်က ဖမ်းသွားသည့် ကျန်းမာရေးဆရာမလေးအတွက် မိသားစုများ စိုးရိမ်

0
113

ကသာခရိုင်၊ မိုးတားကြီးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးသွားသည့် ဒေသခံပြည်သူ ၃ ဦးအနက် အမျိုးသမီးတစ်ဦး ယနေ့အချိန်ထိ ပြန်မလွတ်လာသေးသည့်အတွက် မိသားစုဝင်များက စိုးရိမ်နေကြသည်။

စစ်ကောင်စီတပ်က ရွာသား ၂ ဦးနှင့်အတူ ကျေးလက်ကျန်းမာရေးဆရာမတစ်ဦးကို ဖမ်းဆီးသွားပြီးနောက် ရွာသား ၂ ဦးကိုသာ ပြန်လွှတ်ပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းဆရာမကို ယနေ့အချိန်ထိ ပြန်မလွှတ်ပေးသေးဘူးဟု ရွာသားများက ပြောသည်။

ဒေသခံ အမျိုးသမီးတစ်ဦးက “မိုးတားကြီးက ကျန်းမာရေးဆရာ ဒေါ်သဲသဲဝင်း အပြာဝတ်က ပစ္စည်းကျန်လို့ သွားယူတာကို ဖမ်းမိသွားတာ။ ရွာဘက်ကို သွားတဲ့အချိန်မှာ ဖမ်းမိသွားတာ။ အခုချိန်ထိ မလွတ်သေးဘူး။ ကျွန်းပင်ဘက်ကို ခေါ်သွားတယ်တဲ့။ ကျွန်းပင်မှာတော့ စစ်သားတွေက နေနေကြတာ ကြပြီ။ အဲ့ဆရာမက တာဝန်ကျတာက ချင်းပြည်နယ် ဖလမ်းမှာလေ။ အဲ့ဒါကို ဖမ်းသွားတာ” ဟု ပြောသည်။

အဆိုပါ ကျေးလက်ကျန်းမာရေးဝန်ထမ်း အပြာဝတ်ဆရာမသည် ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် တာဝန်ကျပြီးနောက် CDM လုပ်ထားသူတစ်ဦးဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

“အဲ့ဆရာမက CDM လို့ ပြောတယ်။ ဒါပေမယ့် သူတာဝန်ကျတဲ့ဘက်ကလည်း ဝန်ထမ်းတွေကို အကုန်လုံး ပြန်လွှတ်နေတာပဲ။ အဲ့ဒါကို ဖမ်းသွားတာ။ ပထမဆုံး ကြားကြားချင်းက သူ့ကို တစ်ယောက်ထဲ စာသင်ကျောင်းထဲမှာ ပိတ်ထားတာလို့ ကြားတယ်။ အဲ့စစ်ကြောင်းက ကျွန်းပင်ကို ရောက်နေပြီ။ အဲ့နေ့က တခြားနှစ်ယောက်လည်း ပါတယ် ဖမ်းခံရတာ။ သူတို့က ပြန်လွှတ်တယ်။ အဲ့ဒီ အပြာဝတ်ဆရာမက အခုထိ မလွတ်သေးဘူး။ တချို့ပြောတာတော့ သိန်းတစ်ထောင်နဲ့ လာရွေးခိုင်းတယ်လို့ ပြောတယ်။”

ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ကသာခရိုင် မိုးတားကြီး၌ စစ်ကြောင်းထိုးသွားသော စစ်ကောင်စီတပ်က အပြာဝတ် ကျန်းမာရေးဆရာမဖြစ်သူ ဒေါ်သဲသဲဝင်းနှင့် ရွာသား ၂ ဦးအား ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အခြားရွာသား ၂ ဦးကို ပြန်လွတ်ပေးခဲ့သော်လည်း အပြာဝတ် ဆရာမဖြစ်သူ ဒေါ်သဲသဲဝင်း (အသက် ၄၀ နှစ်) အား ယနေ့အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။

ထို့ကြောင့် မိသားစုဝင်များနှင့် ဒေသခံပြည်သူများက အဆိုပါဆရာမအတွက် စိုးရိမ်နေကြသည်။

ကျန်းမာရေးဝန်ထမ်း ဒေါ်သဲသဲဝင်းကို ဖမ်းဆီးသွားသည့် စစ်ကောင်စီတပ်မှာ စစ်ကြောင်းမှူး အောင်သူ ဦးစီးသည့် ခလရ ၇၇ အဖွဲ့ ဖြစ်သည်ဟု ဆိုကြသည်။

အတည်မပြုနိုင်သေးသော သတင်းတခုအရ ကျန်းမာရေးဆရာမဖြစ်သူ ဒေါ်သဲသဲဝင်းအား ကျပ်သိန်း ၁၀၀၀ (သိန်းတထောင်) ဖြင့် လာရွေးရန် ပြောဆိုမှုများ ရှိနေသည်ဟု ဆိုသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here