တနင်္သာရီမြို့နယ်မှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီး

0
188

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်းအပါအဝင် နေအိမ် ၅ လုံး ထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ မြိတ်ဘက်ကနေ တနင်္သာရီမြို့နယ်ထဲက ရိက္ခာလာပို့တဲ့ စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီအခြေစိုက် တပ်ရင်းကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့တာပါ။

စစ်ကောင်စီတပ်က ပစ်ကူပေးလိုက်တဲ့ လက်နက်ကြီးကျည်ဟာ ဘန်လောကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျေးရွာအလယ်တန်းကျောင်းတစ်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ ပစ်ခတ်မှုပြီးနောက် ကျေးရွာအတွင်းဝင်ရောက်လာပြီး ဒေသခံနေအိမ်တွေက တန်ဖိုးရှိပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ ဘန်လောကျေးရွာရှိ အလယ်တန်းကျောင်းဟာ ကျောင်းသား/ကျောင်းသူ ၂၀၀ ကျော် တက်ရောက်သင်ကြားနေတဲ့ စာသင်ကျောင်းတစ်ကျောင်းဖြစ်ပေမယ့် စစ်တပ်အာဏာပြီးနောက် ကျောင်းတက်သူမရှိလို့ ပိတ်ထားရတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ရဲ့ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုနဲ့အတူ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဒေသခံတွေဟာ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ကျေးရွာအတွင်း ပြန်လည်နေထိုင်နေကြပြီလို့ သိရပါတယ်။

ပြီခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ၊ ဗောဓိကမ်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် လက်နက်ကြီး ထိမှန်တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာရှိသလို နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here