သရက်မှာ ရဲစခန်းတိုက်ခိုက်ခံရလို့ စစ်ကူလာတဲ့ စစ်ကောင်စီတပ် ထပ်မံကြားဖြတ်တိုက်ခိုက်ခံရ

0
256

မကွေးတိုင်း၊ သရက်မြို့နယ် ဆင်ကော်ရဲစခန်းတိုက်ခိုက်ခံရတဲ့အတွက် စစ်ကူလာပေးတဲ့ စစ်ကောင်စီ က.ပ.စ -၁၂ ရဲ့ ကားကိုပါ ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီ လက်အောက်ခံ ဆင်ကော်စခန်းမှူးနဲ့ က.ပ.စ -၁၂ ကဗိုလ်တစ်ဦးအပါအဝင် (၈) ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သရက်ခရိုင် PDF က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၀) ရက်နေ့က သရက်မြို့နယ် ဆင်ကော်ရဲစခန်းကို ၄၀-မမ ဗုံးပစ်လောင်ချာနဲ့ သုံးချက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းထဲ နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် စခန်းမှူး၊ဒုရဲအုပ်နဲ့ ဒု-တပ်ကြပ်တို့ သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကူလာတဲ့ က.ပ.စ-၁၂ က စစ်ကောင်စီတပ်သား (၂၅) ဦးလိုက်ပါလာတဲ့ အရပ်သားကားသုံး လိုက်ထရပ် အဖြူရောင်ကားကို ပုဏ္ဏားရွာနဲ့ တွင်းလည်ရွာကြားမှာ မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် နှစ်ဖက်ညှပ်ပစ်ခတ်ခဲ့တဲ့အတွက် ကားပက်လက်လန်သွားပြီး က.ပ.စ -၁၂ က ဗိုလ်တစ်ဦးအပါအဝင်(၅) ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ စစ်ကူလာတဲ့ကားက အရပ်သားတစ်ယောက်ရဲ့ကားကို ချောဆွဲပြီးတော့ မောင်းပို့ခိုင်းတယ်လို့ သိရတယ်။ဒါတွေကတော့ဖြစ်စဉ်တွေပြီးမှသိရတာပေါ့။အဲဒီမှာကားမောင်းပို့တဲ့အရပ်သားတစ်ယောက်က သေဆုံးသွားတယ်လို့နောက်ပိုင်းမှသိရတာ” လို့ သရက်ခရိုင် PDF တပ်ရင်း (၄) ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် သေဆုံးသွားတဲ့ အရပ်သားရဲ့ မိသားစုနဲ့ ထပ်တူဝမ်းနည်းရသလို ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ မပတ်သက်ကြဖို့ သူက ပြောပါသေးတယ်။

လက်ရှိအချိန်မှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအပါအဝင် တော်လှန်ရေးအင်အားကောင်းတဲ့ ဒေသတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို သရက်ခရိုင်တပ်ရင်း (၄) နဲ့ မိုးကြိုးပျောက်ကြားတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီကတော့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေကို အင်အားတို့ချဲ့ပြီး လုံခြုံရေးယူထားတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here