စစ်ကောင်စီ လက်နက်ကြီးကြောင့် ထီးချိုင့်တွင် ကလေး ၁ ဦးအပါအဝင် ၅ ဦး ဒဏ်ရာရ

0
224

စစ်ကိုင်းတိုင်း၊ ထီးချိုင့်ဘက်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမျိုးမရှိဘဲ ကျေးရွာများဘက်သို့ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ကလေးတစ်ဦးအပါအဝင် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထီးချိုင့်ဘက်မှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့က နတ်အင်းကျေးရွာကို ရောက်လာသည့်အချိန် လက်နက်ကြီးနှင့် ၃ ချက် ရမ်းသမ်းပစ်ခတ်ခဲ့ရာမှ ဒေသခံရွာသားများကို ထိမှန်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံ အမျိုးသားတစ်ဦးက “ညနေ ၂ နာရီနဲ့ ၃ နာရီကြားကို ဖြစ်တာတဲ့။ ပစ်တော့ လက်နက်ကြီးဟုတ်တယ် နှစ်လုံး၊ လက်နက်ကြီးကျတော့ နှစ်လုံးကျတာပါတဲ့။ မှန်တာက ၅ ယောက်တဲ့၊ ခြင်းကျားကုန်းက ကမ်းနီးကြားနဲ့ ကျနော်တို့ ဝဲကြီးကြားက ခြင်းကျားကုန်းကို မှန်တာ” ဟု ပြောသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ နံနက် ၈နာရီအချိန်ခန့်တွင် ထီးချိုင့်ဘက်မှ ထွက်လာသည့် စစ်ကောင်စီအင်အား ၁၀၀ ခန့်ပါသည့် အဖွဲ့က ထိုနေ့၊ နေ့လည် ၁ နာရီအချိန်တွင် နတ်အင်းကျေးရွာကို ရောက်လာကာ ဧရာဝတီမြစ် အရှေ့ကမ်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမျိုးမရှိဘဲ လက်နက်ကြီးကျည်နှင့် ၃ ချက် ပစ်ခတ်ခဲ့သည်။

စစ်သားများက ပစ်လိုက်သည့် လက်နက်ပြီးကျည်က ကမ်းနီနှင့် ဝဲကြီးကျေးရွာကြားက (ဒေသအခေါ်) ခြင်းကျားကုန်းဆိုသည့်နေရာတွင် ကျရောက်ပေါက်ကွဲခဲ့ရာ ကလေးတစ်ဦးအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရရှိသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“နာမည်ကတော့ ပြေးနေလွှားနေရတာနဲ့ တစ်ယောက်နဲ့တစ်ယောက် မတွေ့လို့ မသိရသေးဘူးတဲ့။ ဘယ်သူဘယ်ဝါတွေဆိုတာလည်း မေးလို့မရနိုင်သေးဘူးတဲ့။ ဒါပေမယ့် မှန်တာတော့ ၅ ယောက်၊ မှန်တာ ၅ ယောက်မှာ နှစ်ယောက်ကတော့ တော်တော်ကို စိုးရိမ်ရတယ်။ သုံးယောက်ကတော့ မစိုးရိမ်ရပါဘူးတဲ့။”

အဆိုပါ ထီးချိုင့်ဘက်က ထွက်လာသည့် လူအင်အား ၁၀၀ ပါ စစ်ကောင်စီတပ်၏ စစ်ကြောင်းက စစ်သားများ သည် လက်ပတ်အနီများ ပတ်ထားသည်ဟု ဒေသခံများက ပြောသည်။ သို့သော် မည်သည့်တပ်ရင်းတပ်ဖွဲ့က စစ်သားများဖြစ်သည်ကိုမူ အတိအကျမသိရသေးဘူးဟု ဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း ထီးချိုင့်ကထွက်လာပြီး ဧရာဝတီအရှေ့ခြမ်းရှိ ကျေးရွာများထဲ မွှေနှောက်ခဲ့သည့် စစ်ကောင်စီတပ်သားများက ဗန်းမော်-မန္တလေးလမ်းဘေးရှိ ထီးချိုင့်မြို့နယ် မြတောင်လမ်းဆုံအနီးတွင် ပေါင်းနက်ကျေးရွာသား ၂ ဦးကို သတ်သွားခဲ့သည်။

ပေါင်းနက်ရွာသား ဦးကံလှိုင်နှင့် ကိုပေါက်စဆိုသူတို့နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရိုက်နှက်ကာ မီးရှို့သတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှာ အင်းကြီးနှင့် လေဘိုကျေးရွာတို့ကို မီးရှို့ခဲ့သည့် စစ်ကြောင်းနှင့် သွားရောက်ပေါင်းခဲ့ပြီး ငါအိုး ၁၂၁ တပ်က စစ်သားများသည် ဟင်္သာရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးသည်။

ထီးချိုင့်အရှေ့ဖက်ကမ်းတွင် စစ်ကောင်စီ စစ်ကြောင်း ၃ ကြောင်း စစ်ကြောင်းထိုးဝင်ရောက်နေပြီး ရွာသားများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ လက်နက်ကြီးများနှင့် ကျေးရွာများထဲပစ်ခတ်ခြင်း၊ ထို့အပြင် ဘေးလွှတ်မည့်နေရာများတွင် ထွက်ပြေးနေရသူများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခံနေရသည်ဟု ဒေသခံများက ဆိုသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here