သရက်မြို့အနောက်ဘက်ရှိ ကပစ အမှတ် ၁၂ ကို သရက် PDF လျော့တိုက်ဒုန်းဖြင့် ပစ်ခတ်

0
377

သရက်မြို့က ကာကွယ်ရေး ပစ္စည်းစက်ရုံ ကပစ ၁၂ ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု သရက်ခရိုင် PDF တပ်ရင်း-၄ Eagle Force ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

မကွေးတိုင်းဒေသကြီး၊ သရက်မြို့ အနောက်ဘက်ရှိ ကပစ ၁၂ ကို သရက်ခရိုင် PDF တပ်ရင်း – ၄ Eagle Force အဖွဲ့က ၉၀-မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ဖေဖော်ဝါရီလ ၉ ရက်နေ့၊ နံနက် ၃ နာရီ အချိန်ခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တပ်ရင်း ၄ Eagle Force ၏ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ”၉၀ မမ ပါ၊ လက်လုပ်မဟုတ်ပါဘူး။ ၂ လုံးပစ်တာမှာ တစ်လုံးက error ဖြစ်လို့ ပစ်မရခဲ့ဘူး။ အခု မနက်ပိုင်းက ကပစထဲကို အထူးကုဆရာဝန် ၃ ယောက် အရေးပေါ်အခြေအနေဆိုပြီး ရောက်တယ်လို့ သိရပါတယ်။ ထူးခြားတာရှိရင် ထုတ်ပြန်ပေးမယ်” ဟု ပြောသည်။

သို့သော် ထိခိုက်ကျဆုံးမှုကိုမူ မသိရသေးဘူးဟု ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၉ ရက်နေ့၊ နံနက် ၆ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် သရက်မြို့၊ ရေမျက်ကျေးရွာရှိ ရဲစခန်းကိုလည်း ဒရုန်းဖြင့် ဗုံးသီးတစ်လုံးချ တိုက်ခိုက်ခဲ့သေးသည်ဟု ထုတ်ပြန်ထားသည်။

သရက်-ကံမ-မင်းတုန်း ပူးပေါင်းအဖွဲ့သည် NUG အစိုးရ၏ သရက်ခရိုင် PDF တပ်ရင်း-၄ အဖြစ် ၂၀၂၃ ခုနှစ် ဇန္နဝါရီလ ၁၄ ရက်နေ့က အသိအမှတ်ပြုခံခဲ့ရသည်။

ဒေသတွင်း စစ်ကောင်စီ စစ်သားများအား အနားမရအောင် နည်းလမ်းမျိုးစုံဖြင့် စစ်ဆင်ရေးများဖေါ်ဆောင်နေသည့် တပ်ဖွဲ့ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

သရက်မြို့ရှိ ကပစ – ၁၂ သည် ၆၀-မမ၊ ၈၁-မမ၊ ၁၂၀-မမ မော်တာဗုံးသီးများထုတ်လုပ်သော စက်ရုံဖြစ်ကာ ထုတ်လုပ်ပြီးသော ဗုံးသီးများကို သရက်-ကံမ-ပြည် လမ်းအတိုင်းလာပြီး ပန်းတောင်းမြို့ ခလရ တပ်တွင် သိုလှောင်ထားသည်။

ထိုမှတဆင့် စစ်တိုင်းများအသီးသီးနှင့် စစ်ကောင်စီ လက်အောက်ခံ တပ်မများ အသီးသီးသို့ တဆင့်ဖြန့်ဝေသည် ဟု ကပစ – ၁၂ နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here