ကံပြား ရဲစခန်းကို PDF ညီနောင်မဟာမိတ်များ ဝင်တိုက်

0
466

ကံပြား နယ်မြေရဲစခန်းကို ပွင့်ဖြူ ပကခနှင့် ညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အဆောက်အဦပျက်စီးမှုများရှိခဲ့သည့်အပြင် ထိခိုက်သေဆုံးမှုများလည်းရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကံပြားနယ်မြေ ရဲစခန်းကို ဖေဖေါ်ဝါရီလ ၈ ရက်နေ့၊ ည ၁၀ နာရီအချိန်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အသက် ၄၅ နှစ်အရွယ် စလင်းမြို့က ဒေသခံတစ်ဦးက ”ညပိုင်းက တအုံးအုံးနဲ့ အသံတွေကြားတယ်။ လူသွားလူလာမရှိတဲ့ အချိန်ပေါ့။ ထင်တော့ထင်သား မနက်မှ ကံပြားမှန်းသိတာ” ဟု ပြောသည်။

ပွင့်ဖြူ ပကဖတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်များ ဖြစ်သော မင်းဘူး၊ စကုမြို့နယ် (ပကဖ)၊ စလင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မကွေးတပ်ရင်း (၁)၊ ရိုးမပြောက်ကျားအဖွဲ့တို့က ပူးပေါင်းကာ ကံပြားနယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

သတင်းပေါက်ကြားမှုကြောင့် စစ်ကောင်စီတပ်ဘက်က စစ်ကူများလာသည်ဟု သတင်းရရှိသောကြောင့် ကံပြားရဲစခန်းကို သိမ်းပိုက်နိုင်ခြင်းမရှိဘဲ အဆောက်အဦ အချို့ကိုသာ မီးရှို့နိုင်ခဲ့သည်ဟု သတင်းထုတ်ပြန် ထားသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ပွင့်ဖြူ ပကခနှင့် ညီနောင်မဟာမိတ်တပ်ရင်းတပ်ဖွဲ့များ ထိခိုက်ကျဆုံးမှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့အပြင် ကံပြားနယ်မြေရဲစခန်းတွင် ရှိနေသည့် စစ်ကောင်စီတပ်သား အယောက် ၂၀ ခန့် သေဆုံးနိုင်သည်ဟု ထုတ်ပြန်ထားသော်လည်း သီးခြားအတည် မပြုနိုင်သေးပေ။

ပွင့်ဖြူ-ပကခ အနေဖြင့် ရှေ့ဆက် စစ်ရေးအရှိန်အဟုန်မြှင့်တင်တော့မည် ဖြစ်ကြောင်း အသိပေးသည်ဟု ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

မေတ္တာရပ်ခံချက်အနေဖြင့်လည်း ပြည်သူလူထုသည် တော်လှန်ရေး အရှိန်အဟုန်မြှင့်တင်ရာတွင် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန် မေတ္တာရပ်ခံအပ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here