ဗန်းမောက်မြို့အတွင် ဘုရားတောင်တွင် စစ်ကောင်စီတပ်က ဂိတ်ဖွင့်ကာ လူထုထံမှ ငွေတောင်း

0
177

ဗန်းမောက်မြို့အဝင် အောင်သာကုန်း ဘုရားတောင်၌ စစ်ကောင်စီမှ ဂိတ်ထိုင်ထားပြီး ပြည်သူများကို ဖမ်းဆီးကာ မတရား ငွေတောင်းနေသည်ဟု ဒေသခံပြည်သူများက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်းက ဗန်းမောက်မြို့အဝင်ဂိတ်တွင် စစ်ကောင်စီတပ်သားများက ဂိတ်ထိုင်ကာ လမ်းသွားပြည်သူများကို စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်း၊ ငွေတောင်းခံခြင်းများ လုပ်နေခြင်းဖြစ်သည်ဟု ပြောသည်။

ဗန်းမောက် ဒေသခံတစ်ဦး က “အောင်သာကုန်းဘုရားတောင် ဝင်ဝင်ချင်း အခြေအနေကတော့ သူတို့က အမြဲတမ်း ဂိတ်စစ်နေတာလေ။ မသင်္ကာရင်ဖမ်း၊ ဖမ်းပြီးတော့ ပိုက်ဆံတောင်း အဲ့လိုမျိုးတွေ လုပ်နေတာ။ အင်္ဂလိပ် လို ၁ ရက်နေ့တုန်းကလည်း ရွာသားသုံးယောက် အဖမ်းခံရတယ်။ သုံးယောက်ကို ဖမ်းပြီးတော့ ဖိနပ်တွေလည်း နင်း၊ ပါးတွေလည်း ရိုက်၊ နဘန်တွေတီး၊ ရိုက်စုတ်ရိုက်ဖြဲပြီး တစ်ယောက်ကို ၅ သိန်းနဲ့ ရွေးရတယ်။ အခုလည်း အဲ့လိုမျိုးပဲ ရိုက်စစ်နေတာ။ အင်းတော်ဘက်က အဝင်လေ။ အရင်တုန်းက စစ်တပ် ထိုင်တဲ့နေရပေါ့။ အခုလည်း သူတို့ပဲ ထိုင်ထားတာပေါ့” ဟု ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဝင်ရောက် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“သူတို့ဂိတ်ကို ဝင်ပစ်တာ။ ဒေသခံ PDF တွေက မကြေနပ်လို့ အဲ့ဒီ အောင်သာကုန်း ဘုရားတောင်စစ်ဆေးရေး ဂိတ်ကို ၈ ရက်နေ့ မနက်ပိုင်းက ဝင်ပစ်ခဲ့တာပါ။ အဲ့ဒီဂိတ်မှာ SNA ကလည်း စစ်ကောင်စီဘက် ပူးပေါင်းလုပ် ကိုင်နေတယ်လို့လည်း ကြားတယ်။ ဒီလိုမျိုးသား တကယ်ဆိုရင်တော့ SNA ကိုလည်း ပြည်သူတွေက ဆန့်ကျင် ပြီး စစ်တပ်နဲ့ ပေါင်းနေတာကိုတော့ အမြန်ဆုံး ရပ်တန့်ဖို့လိုတာပေါ့နော်” ဟု ဒေသခံအမျိုးသားတစ်ဦး ပြောသည်။

အဆိုပါ ဂိတ်တွင် စစ်ကောင်စီတပ်သားများ၊ ပျူစောထီးများအပြင် SNA အဖွဲ့ဝင်များ စုစုပေါင်း အယောက် ၄၀ ကျော်နီးပါးခန့် အထိုင်ချနေထိုင်နေသည်ဟု ဒေသခံ PDF တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောသည်။ သို့သော် ရှမ်းနီအမျိုးသားများတပ် – SNA အနေဖြင့် အဆိုပါဂိတ်တွင် စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်းနေထိုင်ခြင်း ရှိမရှိကိုမူ ဆက်သွယ်၍ မရသောကြောင့် အတည်မပြုနိုင်သေးပေ။

အောင်သာကုန်း ဘုရားတောင်ဂိတ်မှာ ဗန်းမောက်မြို့ပြည်သူများ အတွက် အဝင်အထွက်သွားလာနေရေး အဓိကကျသည့် လမ်းကြောင်းပေါ်တွင် ရှိနေသည့် ဂိတ်တစ်ဂိတ်ဖြစ်သည်ဟု ဒေသခံများ ပြောသည်။

ဒေသခံတစ်ဦးက “အဲ့ဒီဂိတ်ဟာ ကျနော်တို့ လူထုအတွက် ဘယ်လောက်အရေးပါသလဲဆိုရင် ဓါတ်ဆီ၊ ဒီဇယ်က အစ အကုန်လုံး အင်းတော်ကနေဖြတ်ပြီး သယ်တဲ့လမ်းလည်းဟုတ်တယ်။ တခါ ဗန်းမောက်ကြောမှာ ရှိနေတဲ့ သယံဇာတပစ္စည်းတွေပေါ့နော် ရွှေဘာညာပေါ့ အဲ့ဒါတွေအကုန်လုံးကလည်း ဒီဗန်းမောက်မြို့ထဲကနေ ဖြတ်ပြီး တော့မှ ပြည်မကို စီးဆင်းတဲ့နေရာဟုတ်တယ်။ မြို့အဝင်ဂိတ်ကြီးပေါ့။ အင်းတော်နဲ့ ဗန်းမောက်နဲ့ ဝင်တဲ့ ဂိတ် ပေါ့။ ဗန်းမောက်မြို့ထဲအတွက်တော့ တော်တော်အရေးပါတဲ့ ဂိတ်ဟုတ်တယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါ ဂိတ်တွင်ထိုင်ထားပြီး လမ်းသွားလမ်းလာပြည်သူများ၊ ဒေသခံများကို နိုင်ထက်စီးနင်း အနိုင်ကျင့်ခြင်း၊ ရိုက်နှက်ခြင်း၊ ဖမ်းဆီးကာ ငွေညှစ်ခြင်းများ လုပ်ဆောင်နေသည်ကို မကြေနပ်ကြသော်လည်း မတတ်နိုင်သည့်အဆုံး ငွေပေးနေကြရသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီ တပ်သားများအပါအဝင် ၎င်းတို့ လက်အောက်ခံတပ်ဖွဲ့ဝင် အယောက် ၄၀ ကျော် ထိုင်ထားသည့် အဆိုပါ အောင်သာကုန်းဘုရားတောင် စစ်ဆေးရေးဂိတ် ယမန်နေ့က ပစ်ခတ်တိုက်ခိုက်အတွင်း မည်မျှ ထိခိုက်ကျဆုံးသည်ကိုမူ မသိရသေးပေ။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here