ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြုသည်ဆိုသော စွပ်စွဲချက်ကို TNLA ငြင်းဆို

0
147

စစ်ကောင်စီ လက်အောက်ခံ ဂျာယန်ပြည်သူ့စစ်တပ်ဖွဲ့တွင် စစ်မှုထမ်းရန် အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခံရသည့် တအာင်းတိုင်းရင်းသားများကို TNLA က သွားရောက်ကယ်ထုတ်ချိန် ဒေသခံများကို လူ့အခွင့်အရေးချိုးဖောက်မှု ရှိခဲ့သည်ဟု စွပ်စွဲချက်ကို TNLA ငြင်းဆိုလိုက်သည်။

ရှမ်းမြောက်၊ လားရှိုးမြို့နယ်၊ ဟိုခိုကျေးရွာအုပ်စုအတွင်းရှိ ဂျာယန်ကျေးရွာက ဂျာယန်ပြည်သူ့စစ်တပ်ဖွဲ့တွင် စစ်မှုထမ်းရန်အတွက် အဓမ္မဖမ်းဆီးခေါ်ဆောင်ပြီး စစ်သင်တန်းတက်ရောက်နေရသည့် တအာင်းတိုင်းရင်းသား ၁၂၇ ဦးကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ဖေဖော်ဝါရီ ၄ ရက်နေ့တွင် သွားရောက် ခေါ် ဆောင်ကာ ကယ်ထုတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

PSLF/TNLA ပြောရေးဆိုခွင်ရှိသူ ဒုတိယဗိုလ်မှူးကြီး တာပန်လက “ကျနော်တို့ ကယ်ထုတ်လာတဲ့ အထဲမှာ ကျနော်တို့ တအာင်းလူမျိုးက ၁၂၇ ဦး ရှိပါတယ်။ အဲ့ထဲမှာ ကျောင်းနေအရွယ် ကလေးတွေက ၂၀ ဦး၊ အမျိုး သမီးငယ်လေးတွေက ၁၅ ဦး၊ အခြားအရွယ် ၉၂ ဦး ပါဝင်ပါ တယ်။ ကျနော်တို့ဝင်သွားတဲ့အခါမှာ လူသားဒိုင်းတွေ ဘာတွေ လုပ်တာမရှိပါဘူး။ ပြည်သူလူထုကို ခေါ်တာလည်း မရှိပါဘူး။ ကျနော်တို့ စစ်အင်အားနဲ့ပဲ ကျ နော်တို့ ဝင်ပြီးမှ သွားရောက်ခေါ် ဆောင်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

TNLA က ဂျာယန်ပြည်သူ့စစ် စခန်းထဲရောက်ချိန် တအာင်းတိုင်းရင်းသားများကို သီးသန့် ခွဲလိုက်ကာ ခေါ်ဆောင်သွားခဲ့ပြီးနောက် အဆိုပါ နေရာတွင်ရှိနေသည့် ဆိုင်ကယ်အချို့နှင့် တန်ဖိုးရှိပစ္စည်းများကို ယူဆောင်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက “ဒီလို ဖြစ်တယ်။ အဲ့နေ့က မနက်က ပလောင်တွေနဲ့ ကိုးကန့်တွေ ရောရောနှောနှောနဲ့ ဝင်လာပြီး အဲ့ဒီမှာ ရွာသားတွေကို ကြိုးတုပ်ဆွဲခေါ်ပြီး ဂျာယန်ပြည်သူ့စစ်တပ်ထဲ ခေါ်ဝင်သွားပြီးတော့ ပလောင်နဲ့ ဆိုင်တဲ့သူတွေအားလုံးကို ရွေးထုတ်သွားပြီးတော့ အခုတော့ ပြန်မရှိကြတော့ဘူး” ဟု ပြောသည်။

TNLA ဘက်မှ စစ်ကောင်စီလက်အောက်ခံ ဂျာယန် ပြည်သူ့စစ်တပ် စခန်းအတွင်းသို့ဝင်ရန် အရပ်သားပြည်သူများကို ကြိုးနှင့်တုပ်နှောင်ကာ လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ပြောသည်။

ဂျာယန် ပြည်သူ့စစ်အဖွဲ့နှင့် နီးစပ်သူတစ်ဦးက “မနက် ၆ နာရီလောက်က အဲ့ဒီ ဂျာယန်ဈေးဘက်က ရွာခံတွေအားလုံးကို ဓားစာခံလုပ်ပြီးတော့ စစ်တပ်ထဲ ဆွဲခေါ်သွားတယ်။ KDA က အရာရှိတွေက ပစ်ဖို့ အမိန့်ပေးတယ်။ ဒါပေမယ့် မပစ်ဘူး။ ဓားစာခံတွေက အရမ်းကိုများနေတာကြောင့် ပစ်လို့မရဘူး” ဟု ပြောသည်။

ဂျာယန်ပြည်သူ့စစ်အဖွဲ့က ဒေသခံ တအာင်းလူမျိုးများကို လူသစ်စုဆောင်းသဖြင့် မိသားစုဝင်များက TNLA အား တိုင်ကြားလာသောကြောင့် ဖေဖေါ်ဝါရီ ၄ ရက်နေ့က TNLA တပ်မဟာ ၇ က အဆိုပါ ပြည်သူ့စစ်စခန်းကို စီးနင်းကာ ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ သွားရောက်ကယ်ထုတ်ချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်မှုများလည်း ရှိခဲ့သည်ဟု ဒုတိယ ဗိုလ်မှူးကြီး တာပန်လက ဆက်ပြောသည်။

“အဲ့ဒီ စခန်းထဲဝင်သွားတဲ့အခါမှာလည်း နှစ်ဖက်တင်းမာမှုတွေရှိခဲ့ပေမယ့် ကြီးမားတဲ့တိုက်ပွဲတွေတော့ မရှိခဲ့ဘူးပေါ့နော်။ ဒါပေမယ့် ကယ်ထုတ်ပြီး အထွက်မှာ စကစဘက်က လေယာဉ်နဲ့လိုက်ပြီး ပစ်ပါတယ်။ ရပ်ရွာကိုလည်း တိုက်ခိုက်ပါတယ်။ လေယာဉ်နဲ့ သုံးကြိမ်လာရောက်ပြီး ပစ်ခတ်ခဲ့ပါတယ်။”

ဂျာယန်ပြည်သူ့စစ်စခန်း အတွင်း PSLF/TNLA စီးနင်းခံရမှုဖြစ်စဉ်အတွင်း ဌာနေတိုင်းရင်းသားများဖြစ်ကြသည့် ကချင်နှင့် တအာင်းတိုင်းရင်းသားများကြား အငြင်းပွား အပြန်အလှန် စွပ်စွဲမှုများနှင့်ပတ်သက်၍ အမှန်အမှား ပြောရန်ခက်သည့် အခြေအနေမျိုးဖြစ်သည်ဟု ရှမ်းမြောက်ရှိ အရပ်ဘက်အဖွဲ့အစည်းအချို့က တာဝန်ရှိသူများက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ KDA မှ တပ်သားတစ်ဦးဟု ယူဆရသူ အမျိုးသားတစ်ဦးကလည်း လက်နက်ကိုင် လူတစ်စုမှ ကျေးရွာတစ်ခုအတွင်းသို့ ဝင်သွားချိန် အရပ်ဝတ် ဝတ်ဆင်ထားသည့် လူအချို့နှင့် ဝင်သွားသည့် ရုပ်သံဖိုင်တစ်ဖိုင်ကိုလည်း လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားသည်။ သို့သော် ထိုရုပ်သံဖိုင်နှင့်ပတ်သက်၍ သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

ဂျာယန်ပြည်သူ့စစ်သည် ၁၉၉၁ ခုနှစ်တွင် ကချင်လွတ်လပ်ရေးတပ် (KIA) ၏ တပ်မဟာ ၄ မှ ခွဲထွက်လာသော ဦးမထုနော် ဦးဆောင်သည့် ကချင် တိုင်းရင်းသားများ တိုးတက်ရေးနှင့် လုံခြုံရေးတပ်မတော် (KDA) လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here