ပုလောမြို့နယ် ပလတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး

0
136

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့ တိုရွာမှာ ဖေဖော်ဝါရီ ၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ နေ့လည် ၂ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က နယ်မြေလုံခြုံရေး လိုက်လံဆောင်ရွက်စဉ် စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တွေ့ပြီးနောက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အချိန် ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ပြန်လည်ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ဟာ တိုက်မိုင်းထိပြီး ဗိုလ်ကြီးအဆင့်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲပြီးနောက် ပုလောမြို့နယ် အခြေစိုက်စစ်ကောင်စီ အမြောက်တပ်ကနေ တိုရွာကို လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပလမြို့ တိုရွာမှာ တိုက်ပွဲတွေမကြာခဏ ဖြစ်ပွားနေတာကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီး ပြီးခဲ့တဲ့လတုန်းကလည်း စစ်ကောင်စီတပ်က ဒေသခံ နေအိမ် ၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးသွားတာပါ။

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ အကြားတိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေသလို နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here