တနင်္သာရီတိုင်းမှာ အရပ်သားသေဆုံးမှု ၃၆၀ ကျော်အထိရှိလာ

0
153

တနင်္သာရီတိုင်းဒေသကြီးမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ အခုနှစ် ဇန်နဝါရီလကုန်အထိ အရပ်သားသေဆုံးမှု ၃၆၀ ကျော်အထိ ရှိလာပြီလို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Southern Monitor က ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အရပ်သားပြည်သူတွေဟာ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးကျည်ထိမှန် သေဆုံးတာ၊ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံပျူစေားထီအဖွဲ့က ဖမ်းဆီးသတ်ဖြတ်တာ၊ လုံခြုံရေးအကြောင်းပြချက်နဲ့ အကြောင်းမဲ့ ပစ်ခတ်တာ၊ တော်လှန်ရေအင်အားစုတွေက ဒလန်ရှင်းလင်းမှုတွေကြောင့် သေဆုံးနေတာ ဖြစ်ပါတယ်။

အဲဒီထဲမှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်လအတွင်း အရပ်သား ၂၅ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သလို အရပ်သားထိခိုက်သေဆုံးမှုနှုန်း ဆက်လက်မြင့်တက်နေဆဲဖြစ်တယ်လို့ Southern Monitorက ဆိုထားပါတယ်။

အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းဒေသကြီးထဲမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၃၀ နီးပါး မီးရှို့ဖျက်ဆီးခံရပြီး ဇန်နဝါရီလထဲမှာပဲ နေအိမ် ၃၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဇန်နဝါရီလထဲမှာတော့ တနင်္သာရီတိုင်းဒေသကြီးမှာ နှစ်ဖက်တိုက်ပွဲပေါင်း ၃၃ ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၇၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ Southern Monitor အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အသိရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေမှာ ရိက္ခာခြောက်၊ အမိုးအကာနဲ့ အနွေးထည် အကူအညီတွေ လိုအပ်လျက်ရှိပြီး စစ်ကောင်စီတပ်ရဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေရဖို့ အလှမ်းဝေးနေတယ်လို့ Southern Monitor အဖွဲ့က ထုတ်ပြန်ထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here