သရက်ချောင်းမြို့နယ်မှ ဒေသခံ ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်ဆီးသတ်ဖြတ်သွား

0
169

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာက ဒေသခံအမျိုးသား ၂ ဦးကို ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီပြီးနောက် လမ်းခုလတ်မှာပဲ ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီနေ့ မနက် ၉ နာရီကျော်အချိန်လောက်မှာ ရငဲကျေးရွာ မင်းတပ်တံတားအနီးက စစ်ကောင်စီတပ် အင်အား ၂၀ နီးပါးဟာ ရငဲကျေးရွာထဲကို ဝင်ရောက်လာပြီးနောက် လမ်းမှာတွေ့တဲ့ ဒေသခံ အမျိုးသား ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။

စစ်ကောင်စီတပ်က ဖမ်ဆီးသွားတဲ့ ဒေသခံ အမျိုးသား ၂ ဦးရဲ့ ရုပ်အလောင်းတွေကို ဒီနေ့ မနက် ၁၀ နာရီလောက်မှာပဲ ကျေးရွာအပြင်ဘက် ဘုန်းကြီးကျောင်းအနီးမှာ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန်လည်တွေ့ရှိနေတာပါ။

စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ အမျိုးသား ၂ ဦးဟာ ကိုဖြိုးငယ်ဇော်နဲ့ ကိုပိုင်ဖြိုးတို့ဖြစ်ပြီး တစ်ဦးက ဘုန်းကြီးကျောင်းသားဖြစ်သလို ကျန်တစ်ဦးက ရော်ဘာအစေးခြစ်လုပ်သားဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြ ပါတယ်။

သေဆုံးသွားရဲ့ ရုပ်အလောင်းတွေကိုတော့ ရွာသားတွေက မိသားစုဝင်တွေထံ ပြန်လည် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း အောက်သရက်ချောင်းကျေးရွာထဲ ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို နေအိမ် ၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာပါ။

သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ Southern Monitor အဖွဲ့ရဲ့ အချက်အလက်တွေအရ တနင်္သာရီတိုင်းဒေသကြီးထဲမှာ စစ်တပ်အာဏာသိမ်းတဲ့ကာလအတွင်း အရပ်သား ၃၆၀ ကျော် သေဆုံးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here