ရေဖြူမှာ ဘုန်းကြီးကျောင်းကား ပစ်ခတ်ခံရ၊ ဆရာတော်နေရာမှာတင် ပျံလွန်တော်မူ

0
171

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် (၂၇) မိုင်နဲ့ နှမ်းကျဲကျေးရွာကြားမှာ ဘုန်းကြီးကျောင်းကား ပစ်ခတ်ခံရပြီး ကားပေါ်ပါ ဆရာတော်ပျံလွန်တော်မူကာ အမျိုးသမီးသေဆုံးပြီး (၆) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသလူမှုကူညီရေးအသင်းတာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၆) ရက် ညနေပိုင်းက ထားဝယ်ဘက်ကနေ ရေဖြူရွာသစ်ကို သွားတဲ့ ရာဖူးရွာသစ်ကျောင်းဆရာတော်လိုက်ပါလာတဲ့ကားကို လက်နက်ကိုင်အဖွဲ့တခုက ပစ်ခတ်ခဲ့တာပါ။

“ မနေ့ညနေပိုင်းက ဘုန်းကြီးကား ပစ်ခတ်ရတယ် သိရလို့ ကူညီကယ်ဆယ်ဖို့သွားတယ်။ ကား ပေါ်မှာက ၈ ဦးပါလာတာ။ ကားမှာက ပစ်ခံထားရတာ အချက်ရေများတယ်။ ဆရာတော်တစ်ပါး ပျံလွန်တော်မူတယ်။ အမျိုးသမီးတစ်ဦးဆုံးတယ်။ ကျန်ယာဉ်မောင်းနဲ့ကားပေါ်ပါ ကလေးတွေ ဒဏ်ရာရတယ်။ ကားပေါ်ပါတဲ့ သူတွေက ထားဝယ် မောင်မယ်ရှောင်ဘက်ကပါ” လို့ လူမှုကူညီ ရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပစ်ခတ်ခံရတာကြောင့် ရာဖူးရွာသစ် ဗုဒ္ဓသာသန ရက္ခိတကျောင်းဆရာတော် ဦးဥက္ကဋ္ဌ သက်တော် (၆၀) နဲ့ ဒေါ်အုန်းမြင့် အသက် (၆၅) နှစ်ဟာ နေရာမှာပင်သေဆုံးသွားကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကားပေါ်ပါလာတဲ့ ယာဉ်မောင်း ဦးသန်းထွေး၊ မောင်မိုးသူရ၊ မသင်းရနံလှိုင်၊ မနန်းမိုးပါတို့ (၆) ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ ထုတ်ပြန်ထားတာမရှိသေးဘဲ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း စုံစမ်းစစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ ကျွန်တော်တို့သိရသလောက်က ကားက အရှင်းကြီးလာတဲ့အချိန်ပစ်ခံရတာလို့ သိရတယ်။ ဘယ်အဖွဲ့ကလုပ်တာလဲ ဘာကြောင့်လုပ်တာလဲဆိုတာ သိအောင် စုံစမ်းသွားမယ်။ ဘာမှ မဆိုင်တဲ့သူတွေ ထိခိုက်သေဆုံးရတဲ့အပေါ် လုပ်တဲ့အဖွဲ့တွေအနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုအရ အများသိအောင်ထုတ်ပြန်ပေးပါ။” လို့ နစ်နာသူ မိသားစုဝင်တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒီပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသွားသူတွေကို ဒေသလူမှုကူညီရေးအသင်းတွေက ကလိန်အောင်ဆေးရုံနဲ့ ထားဝယ်ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ နိုဝင်ဘာလဆန်းပိုင်ကလည်း ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ မူးဒူးရွာနဲ့ ထိန်ကြီးရွာ ကျေးရွာကြား ဇော်အန်းတံတားနားမှာ မူးဒူးကျေးရွာ ဆရာတော်ရဲ့ကား ပစ်ခတ်ခံခဲ့ရပြီး ဆရာတော် ဒဏ်ရာရရှိခဲ့ပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here