တနင်္သာရီက စစ်ရှောင်ပြည်သူ ၄၀၀၀ ကျော်အတွက် စားနပ်ရိက္ခာအကူအညီ အရေးပေါ် လိုအပ်နေ

0
138

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ ၄၀၀၀ ကျော်အတွက် စားနပ်ရိက္ခာအကူအညီ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံကနေ သိရပါတယ်။

တနင်္သာရီမြို့နယ်ထဲက စစ်ရှောင်ပြည်သူတွေဟာ နှစ်ဖက်တိုက်ပွဲကြောင့် ဘေးလွတ်ရာနေရာတွေနဲ့ တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား စစ်ရေးဆက်လက်တင်းမာနေသလို စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့ကန့်သတ်မှုတွေကြောင့် ရိက္ခာဝယ်ယူဖို့ အခက်အခဲ ရှိနေကြတာပါ။

ရိက္ခာဝယ်ယူဖို့ ခက်ခဲနေကြတာကြောင့် စစ်ရှောင်ပြည်သူတွေဟာ လက်ရှိမှာ အချင်းချင်း ပြန်လည်မျှဝေ စားသောက်နေကြသလို မကြာမီကာလအတွင်း စားနှပ်ရိက္ခာပြတ်လပ်မှုနဲ့ပါ ကြုံတွေ့လာနိုင်တယ်လို့ စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။

တနင်္သာမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေကနေ ၂၉ ရက်နေ့ထိ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၄၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေတာ ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်ရှောင်ပြည်သူတွေဟာ အခုအခါ နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်နေပေမယ့် စစ်ကောင်စီတပ်က နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်နေတဲ့အတွက် နေရပ်မပြန်ရဲကြသေးဘူးလို့ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here