ဖားကန့်နယ်အတွင်း စစ်ကောင်စီတပ်က သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်နေ

0
145

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ဆီစာကျေးရွာရှိ စစ်ကောင်စီ စစ်သားနှင့်ရဲများ ပူးပေါင်းတပ်ထိုင်သည့် ရဲကင်းစခန်း တိုက်ခိုက်ခံပြီး‌နောက် စစ်ကောင်စီတပ်မှ လက်ရှိချိန်ထိ မှော်စီဇာအနီးတစ်ဝိုက် သေနတ်များဖြင့် ယမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

မှော်စီဆာကျေးရွာ တာဝါတိုင်အနီးရှိ ရဲကင်းစခန်း (ဒေသအခေါ်တာဝါကုန်းရဲကင်း) ကို ဇန်နဝါရီ ၂၅ ရက်နေ့ ည ၈ နာရီအချိန်ခန့်က KIA နှင့် PDF ပူးပေါင်းတပ်တို့က လက်နက်ငယ်များ၊ ၇၉ မမ များနှင့် ပဒိန်လက်နက်တို့ဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က စစ်ကူရောက်လာသဖြင့် တပ်ဆုတ်ခဲ့ရကြောင်း ဖားကန့် PDF နှင့် နီးစပ်သူတစ်ဦးက KNG ကို ပြောသည်။

“ပြောက်ကျားသွားပစ်တာ ၁၅ မိနစ်လောက်ပဲ ပစ်ရသေးတယ် သူတို့ဘက် စစ်ကားတစ်စီးနဲ့စစ်ကူရောက်တာလာ အင်အားမမျှတာနဲ့ နောက်ဆုတ်ခဲ့ရတယ် ၇၉ မမ တွေနဲ့လှမ်းထုတော့ အဆောင်တစ်ခုမီးလောင်သွားတယ်” ဟု အထက်ပါအမျိုးသားကပြောသည်။

အဆိုပါသွားရောက်ပစ်ခတ်မှုတွင် KIA ၊ PDF ဘက်က အထိအခိုက်မရှိပြန်ဆုတ်ခဲ့ပြီး စစ်ကောင်စီ ရဲကင်းစခန်းရှိ ရဲနှင့်စစ်သား ထိခိုက်သေဆုံးမှုရှိမရှိကို စုံစမ်းနေဆဲဖြစ်သည်။

“အဲ့ဒီကင်းစခန်းကနေပဲ နေမှာ၊ မနေ့ကအသံကြားတဲ့နေရာမှာပဲ အခုထိပစ်နေတယ် လက်နက်ကြီးတော့မဟုတ်ဘူး လက်နက်ငယ်တွေပစ်နေတာ နားလိုက်ပစ်လိုက်လုပ်နေတယ် အခုမနက်စောစောက်ုပစ်နေတာ မနေ့ကလာပစ်ခံရတော့ အခုသူတို့ရှိနေသေးတယ်ဆိုတာ သတိပေးချင်တဲ့သဘောပစ်နေတာလားကြောက်လို့လားမသိဘူးပစ်နေတုန်း” ဟု လုံးခင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ကင်းစခန်းပစ်ခတ်ခံရမှုကြောင့် မှော်စီဆာဘုရားကုန်းရှိ စစ်တပ်ကုန်းမှာလည်း ယမန်နေ့ညက လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်ရှိ ရဲစခန်း၊ ရဲကင်းနှင့် ထွေအုပ်ရုံး စသည့် စစ်ကောင်စီနှင့် ဆက်နွယ်သည့် နေရာများကို ဖားကန့် KIA နှင့် PDF တို့ကြား ခကြာခဏ ဝင်ရောက်ပစ်ခတ်လျက်ရှိသည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here