ရေဖြူမြို့နယ် ကံပေါက်ဒေသခံ ၉ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

0
172

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ဒေသခံ ၉ ဦးကို နေအိမ်တွေမှာ လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇန်နဝါရီ ၂၅ ရက်နေ့ နေ့လည်ပိုင်းက ဇာဒီကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးအေးဟန်၊ ကံပေါက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်စိုးနဲ့ တပည့်ဖြစ်သူ ဦးလှဌေးတို့ကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ခဲ့တာပါ။

အဲဒီပစ်ခတ်မှုအပြီး ဒီနေ့ ဇန်နဝါရီ ၂၆ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်က ပစ်ခတ်မှုမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဒေသခံ ၉ ဦးကို လာရောက်ဖမ်းဆီးသွားခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ ဒီနေ့ မနက် ၁ နာရီလောက်မှာ ကံပေါက်ဒေသ မဂ္ဂင်ရပ်ကွက်နေ ကိုမင်းနဲ့ ကိုအာကာမာန်တို့ကို နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် စစ်ကောင်စီတပ်ဟာ လှည်းကုန်းကျေးရွာနေ ဦးဆန်းဦး၊ ဒေါ်မာရီ၊ မချိုလတ်၊ မနီ၊ ဒေါ်ပု၊ ဦးထွန်းရှိန်၊ ဒေါ်နီနီအပါအဝင် ၇ ဦးကို ထပ်မံဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးသွားတဲ့သူတွေကို စစ်ကောင်စီတပ်က မောရဝတီရေတပ်စခန်းကို ဖမ်းဆီးသွားခဲ့ပြီး နေ့လည်ပိုင်းထိ ပြန်မလွှတ်သေးသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း ကံပေါက်ဒေသကနေ ပြန်မထွက်သေးဘဲ PDF တွေကို လိုက်လံရှာဖွေတာတွေ လုပ်နေသေးတယ်လို့ ဆိုပါတယ်။

ကံပေါက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အပါအဝင် ၃ ဦး ပစ်ခတ်ခံရတဲ့ဖြစ်စဉ်မှာ ဇာဒီကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးအေးဟန် ပွဲချင်းပြီးသေဆုံးခဲ့တာပါ။

ဒါပေမယ့် ကံပေါက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးခင်စိုးနဲ့ တပည့်ဖြစ်သူ ဦးလှဌေးတို့မှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် ကံပေါက်တိုက်နယ်ဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here