ထားဝယ်-ထီးခီးကားလမ်း ရက်အကန့်အသတ်မရှိ ပိတ်ထားဟုဆို

0
227

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးကားလမ်းကို စစ်ကောင်စီနဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကပါ ရက်အကန့်အသတ်မရှိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထားဝယ်-ထီးခီးကားလမ်းကို လုံခြုံရေးအရ မသွားလာကြဖို့နဲ့ သတိပေးထားတဲ့ကြားက လိုက်နာတာမရှိဘဲ သွားလာပါက ဖြစ်လာတဲ့အကျိုးဆက်ကို တာဝန်မယူဘူးလို့ နွေဦးပြောက်ကျားတပ်ဖွဲ့နဲ့ KTLA ဆာကဆော့ တပ်မတို့က ဇန်နဝါရီ ၂၂ ရက်နေ့မှာ ပူးပေါင်းကြေညာချက် ထုတ်ပြန်ထားပါတယ်။

အဲဒီနောက် ဒီကနေ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်ဘက်က ထားဝယ်-ထီးခီးကားလမ်း ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း ဒေသခံတွေကို အသိပေးလာတာ ဖြစ်ပါတယ်။

နွေဦးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံကတော့ ထားဝယ်-ထီးခီးကားလမ်းကို အသုံးပြုပြီး စစ်ကောင်စီဘက်က အင်အား အများအပြားနဲ့စစ်ကြောင်းထိုးပြီး လက်နက်တွေ သယ်ဆောင်ဖို့ပြင်ဆင်နေသလို အရပ်သားအသွင်နဲ့ ဝင်ရောက်လာတာတွေလည်းရှိနေလို့ ပစ်ခတ်စစ်ဆေးတာတွေ လုပ်ဆောင်ချိန် မဆိုင်တဲ့ အရပ်သားပြည်သူတွေ ထိခိုက်မှာစိုးရိမ်တာကြောင့် လမ်းပိတ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် စစ်ကောင်စီဘက်ကတော့ ထားဝယ်-ထီးခီးကားလမ်းကို ဘာကြောင့် ဖြတ်သန်းသွားလာခွင့် ပိတ်ပင်တာလဲဆိုတာကိုတော့ တရားဝင် ထုတ်ပြန်တာ မရှိသေးပါဘူး။

ထားဝယ်-ထီးခီးကားလမ်း ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတာကြောင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေအတွက် ပိုမိုခက်ခဲလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထားဝယ်-ထီးခီးကားလမ်းမှာ စစ်ကောင်စီဘက်က နေရာယူတပ်စွဲထားသလို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း နယ်မြေစိုးမိုးထားတာတွေရှိနေလို့ စစ်ရေးအခြေနေ တင်းမာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တဲ့ အခြေအနေမှာ ရှိနေတာပါ။

ထားဝယ်-ထီးခီးကားလမ်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်ဖက်အဖွဲ့က မကြာခဏ ဖြတ်သန်းသွားလာခွင့်ပိတ်နေသလို တိုက်ပွဲတွေလည်း ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားထားပြီး နှစ်ဖက် ထိခိုက်သေဆုံးတာတွေရှိနေတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here