ဘောလခဲမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်း ချေမှုန်းခံရ

0
134

ကရင်နီပြည် ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့တယ်လို့ KNDF က ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မယ်စလောင်းတောင်ကုန်းစခန်းကို ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၇ နာရီကျော်အချိန်မှာ ပူးပေါင်းတပ်ဖွဲ့ဖြစ်ကြတဲ့ Karenni Commando၊ KA၊ KNDF B (15)၊ KNDF B (16)၊ KNDF B (09)၊ Loikaw PDF၊ DMO PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်မှုအပြီး (၆၀) မမ စိန်ပြောင်း (၂) လက်၊ RPG (၁) လက် ၊ MA-1 (၁) လက်၊ MA -2 (၁) လက်၊ MA-3 (၁) လက်၊ MA-4 79တွဲ (၁) လက်၊ 9mm (၁) လက်၊ ငါကြင်းမြီး (၁) လက်၊ စနှိုက်ဖာ (၁) လက်၊ မိုင်းများ၊ ခဲယမ်းကျည်ဆံများ၊ အခြားအသုံးအဆောင်ပစ္စည်များအား သိမ်းဆည်းရရှိခဲ့တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။

တိုက်ပွဲအခြေအနေနနဲ့ပတ်သက်ပြီး ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီး ခူညေးရယ်က “ကျနော်တို့ကတော့ အခြေအနေပေးရင်ပေးသလို ကျနော်တို့တတ်နိုင်သမျှတော့ တရားသောစစ်ပဲပေါ့နော ကျနော်တို့ခုခံတော်လှန်နေတာက။ သူများကိုသွားတိုက်တာမဟုတ်ဘူး ကိုယ့်ပြည်နယ်ကိုရောက်ရှိလာတဲ့ ကိုယ့်ပြည်နယ်ကိုလာပြီးဖိနှိပ်နေတဲ့ စစ်ကောင်စီဖြစ်ဖြစ် အာဏာရှင်ပဲဖြစ်ဖြစ် ကျနော်တို့ကတော့ တရားသောခုခံစစ်အတွက် ကျနော်တို့ နိုင်အောင်ချမယ် လုပ်ဆောင်သွားမှာပဲဆိုတာ အဲ့လိုပဲပြောလို့ရတာပေါ့။” လို့ ပြောပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ တိုက်လေယာဉ်တစ်စီးနဲ့ ၃ ကြိမ်တိုင် ပစ်ကူပေးခဲ့ပြီး ဘောလခဲမြို့အခြေစိုက်တပ်ဖက်မှလည်း လက်နက်ကြီး ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA) မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

မယ်စလောင်းတောင်စခန်းကုန်းသိမ်းပိုက်နေချိန် တစ်ဖက်မှာလည်း ဘောလခဲမြို့တွင်းရှိ စစ်ကောင်စီတပ်ရဲ့ ခြေကုပ်စခန်းတချို့ကို KA ၊ KNDF B (21)၊ KNDF B (10)၊ ဘောလခဲ PDF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

တိုက်ခိုက်မှုအပြီး မယ်စလောင်းတောင်စခန်းတွင်းရှိ သေဆုံးနေတဲ့ စစ်ကောင်စီတပ်သား ၅ ဦးအလောင်းရှိခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်တွေက စခန်းအားစွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖရူဆိုမြို့နယ် အမှတ် ၁၄ တန်းမြင့် စစ်ရေးလေ့ကျင့်ရေးကျောင်းမှာလည်း စစ်ကောင်စီတပ်တွေကို စနှိုက်ဘာနဲ့ သွားရောက်ပစ်ခတ်မှုဖြစ်စဉ်လည်း ရှိခဲ့တယ်လို့ ဝန်ကြီး ခူညေးရယ်က ဆက်ပြောပါတယ်။

“အဲဒီရက် နံနက် ၈ နာရီဝန်းကျင်လောက်မှာပဲ ဖရူဆိုတန်းမြင့်စစ်လေ့ကျင့်ရေးကျောင်း အမှတ် ၁၄ လေ အဲဒီမှာ သူတို့ သွားပစ်တာ သူတို့ စနှိုက်ဘာနဲ့ သွားပစ်တာ နှစ်ယောက်ထိသွားတယ်။ စကစ တပ်ဘက်က နှစ်ယောက်ကျသွားတယ်“ လို့ ဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် လွိုင်ကော်မြို့ ချိကယ် – ပါလောင်းလမ်းမကြီး၊ ဖာ့တီမာ မယ်တော်ဂူ အနီးတစ်ဝိုက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KA ၊ KNDF ၊ Loikaw PDF ၊ တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲပိုမိုပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ KNDF တပ်ရင်း ၂ က ထုတ်ပြန်ထားတာရှိပါတယ်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here