“PNO အနေနဲ့ စစ်ကောင်စီနဲ့ပါလာရင်တော့ ကျနော်တို့ တိုက်ခိုက်ရမှာပဲ။ နောက်ထပ်တစ်ခုက ကျနော်တို့လုပ်မယ့်လမ်းစဉ်မှာ သူတို့က ရှေ့ကနေ ဟန့်တားတာ လာလုပ်ရင်တော့ တိုက်ခိုက်မှုကတော့ ရှိလာနိုင်တယ်။ အတတ်နိုင်ဆုံးတော့ သူတို့နဲ့ လူမျိုးရေးပဋိပက္ခမဖြစ်အောင်တော့ သူတို့ကို ရှောင်တယ်” ခွန်သီဟထူးဇော် (တာဝန်ခံ ၊ သျှမ်းပြည် ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့)

0
115

သျှမ်းပြည် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ခွန်သီဟထူးဇော်နှင့် အမေးအဖြေ

လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့ဆိုရင် အာဏာသိမ်းတာ ၂ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ မြေပြင်မှာလည်း တော်လှန်ရေးသမားတွေနဲ့ စစ်ကောင်စီ တိုက်ခိုက်မှုတွေ ရှိနေပါတယ်။

တော်လှန်ရေးခရီးစဉ် ကြာမြင့်လာတဲ့အချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ နိုင်ငံရေးအပေါ် ရပ်တည်ချက်က ဘယ်လိုမျိုးဆက်ရှိနေသးလဲဆိုတာကို သျှမ်းပြည် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ခွန်သီဟထူးဇော်ကို ဆက်သွယ်မေးမြန်ထားပါတယ်။

မေး။ ။ အစ်ကိုတို့ ပအိုဝ်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကို ဘယ်ချိန်ကစပြီး ဖွဲ့စည်းခဲ့တာလဲ။

ဖြေ။ ။ ကျနော်တို့ PNDF နာမည်နဲ့ ဖွဲ့စည်းခဲ့တာက လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ ၂၉ ရက်နေ့တုန်းက စဖွဲ့ခဲ့တယ်။ ပထမဆုံးကြိမ် စဖွဲ့ခဲ့တာပါ။ ဒါမယ့် ပထမဆုံး ဖွဲ့ခဲ့တဲ့ဟာက ပျက်သွားခဲ့တယ်။ ဘာလို့ ပျက်သွားခဲ့လဲဆိုတော့ ကျနော်တို့ တပ်ရင်းတွေကလည်း အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ခဲ့တယ်။ အဓိကတော့ ထောက်ပံ့မှုပေါ့နော်။ ထောက်ပံ့မှုတွေကလည်း ကျနော်တို့က ပြည်သူတွေနဲ့ လှုပ်ရှားတဲ့ချိန်မှာ လိုအပ်ချက်တော့ အများကြီးရှိတယ်။ ပြီးတော့ အတွင်းရေး သတင်းတွေ ပေါက်ကြားမှုကြောင့် လုံခြုံရေးတွေ မရှိတော့ဘူး။ ကျနော်တို့ ရဲဘော်တွေ ထွက်ပြေးတိမ်းရှောင်ရတယ်။ သိပ်ပြီးတော့ မလုပ်ရဲဘူး။ အကြောင်း အမျိုးမျိုးကြောင့် ကျနော်တို့ ရပ်နားခဲ့ရတယ်။ အခု လက်ရှိ ကျနော်တို့ ဒုတိယအကြိမ် ဖွဲ့ဖြစ်တယ်။ ဒုတိယကြိမ်ကိုတော့ ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့မှာ ပြန်ပြီး ဖွဲ့စည်းတယ်။ ဒုတိယကြိမ် ဖွဲ့စည်းတာတော့ သိပ်မကြာသေးဘူး။

မေး ။ ။ လက်ရှိ ထောက်ပံ့မှုတွေက ဘယ်လိုမျိုးရရှိနေကြလဲ။ NUG လက်အောက်မှာ ရှိနေတဲ့တပ်ဖွဲ့လို့ပြောလို့ ရပါသလား။

ဖြေ ။ ။ လက်ရှိအချိန်ထိတော့ အဓိက ပြည်သူထောက်ပံ့မှု နဲ့ ရပ်တည်လို့ရနေတယ်။ အခုချိန်ထိတော့ NUG လက်အောက်က တပ်ရင်းတော့ မဟုတ်သေးဘူးဗျ။ ဒါပေမယ့်တော့ အချိတ်ဆက်တွေ လုပ်နေပါတယ်။ NUG ကနေလည်း ထောက်ပံ့မှု တစ်ချို့တော့ ရတယ်ဗျ။ ပြီးတော့ NUG ရဲ့ တရားဝင် တပ်ရင်းတစ်ခုဖြစ်ဖို့လည်း စာတင်ထားတာရှိတယ်။ ကျနော်တို့က NUG ရဲ့ မူဝါဒတွေ၊ ရှေ့လုပ်ငန်းစဉ်နဲ့ပဲ ဆက်ပြီးတော့ ရပ်တည်နေတယ်။ အဓိကတော့ ပြည်သူတွေရဲ့ ထောက်ပံ့မှုတွေနဲ့ပဲ ရပ်တည်နေတာပေါ့။

မေး ။ ။ မကြာခင်မှာလည်း အာဏာသိမ်းတာလည်း ၂ နှစ် ပြည့်ပြီဆိုတော့ အကိုတို့ အနေနဲ့ကော ရှေ့ဆက် တော်လှန်ရေးအပေါ် ဘယ်လိုမျှော်လင့်ထားလဲ။

ဖြေ ။ ။ ကျနော်တို့ကတော့ ရှင်းရှင်းလေးပါပဲ။ အဓိက ဒီတော်လှန်ရေးကလည်း ပြည်သူတွေကြောင့် မောင်းနှင်နေတာပေါ့။ ပြည်သူတွေရဲ့ ထောက်ပံ့မှုတွေနဲ့ပဲပေါ့နော်။ ပြည်ပကနေ ထောက်ပံ့မှုလည်းရှိသလို ၊ ပြည်တွင်းက နေလည်း ထောက်ပံ့မှုလည်းရှိတယ်။ ထောက်ပံ့နေလို့ပဲ ကျနော်တို့လည်း အခုထိ တော်လှန်ရေးကို ဆက်လုပ်နိုင်သေးတာပေါ့။ ကျနော်တို့ကတော့ စစ်အာဏာရှင် မကျဆုံးသေးသရွေ့တော့ ကျနော်တို့လုပ်သွားမယ်။ ဒါပေမယ့် ပြည်သူတွေက ထောက်ခံမှုမရှိ၊ ထောက်ပံ့မှု မရှိတော့ဘူးဆိုရင်တော့ ကျနော်တို့လည်း ဆက်ပြီးလှုပ်ရှားဖို့ အားတွေမရှိတော့ဘူးပေါ့။ ကျနော်တို့ကလည်း ပြည်သူတွေ ထောက်ခံမှုနဲ့ပဲ ရပ်တည်နေတယ်လေ။ ပြည်သူတွေက ထောက်ပံ့မှုရှိနေသေးရင် ကျနော်တို့လည်း ဒီတော်လှန်ရေးကို ပိုပြီးလုပ်ဆောင်သွားမှာပါ။

မေး ။ ။ ဒီနှစ်ထဲမှာ စစ်ကောင်စီက ပြုလုပ်ပေးမယ့် ရွေးကောက်ပွဲကို လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုပြောချင်လဲ။ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့ကတော့ ၂၀၂၀ ရွေးကောက်ပွဲကိုပဲ အသိမှတ်ပြုထားတယ်။ တရားဝင်လည်း ဖြစ်ထားပြီးသား။ အဲ့တာကို ကျူးလွန်ပြီးတော့ ဒီ ၂၀၂၃ မှာ ရွေးကောက်ပွဲမှာ ထက်လုပ်ရင်တော့ လက်ခံနိုင်ခြင်းမရှိဘူး။ ကျနော်တို့မှာ တရားဝင် ရွေးချယ်ထားပြီးတာ အစိုးရက ရှိပြီးတာ။ လက်ရှိ အစိုးရလည်းရှိနေတယ်။ အဲ့လိုပဲ ဖမ်းဆီးခံထားရတဲ့ ကျနော်တို့ရဲ့ သမ္မတ နဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ကလည်း ထောင်ထဲကိုရောက်နေတာပေါ့နော်။ ဆိုတော့လေ ဒီရွေးကောက်ပွဲကလည်း ကျနော်တို့ တရားမဝင် ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့် ရှိကို မရှိသင့်ဘူးပေါ့။ ရှိပြီးသား မဲကိုတောင် သူတို့က တရားမဝင်ဘူးလို့လုပ်ထားတာ။ အခုချိန်မှာ သူတို့က ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်ဆိုတာက နိုင်ငံတကာက ဖိအားကို ဖြေလျော့ချင်တဲ့ သဘောနဲ့ပဲ လုပ်တာပေါ့။ တကယ်လို့ ဒီရွေးကောက်ပွဲလုပ်ဖြစ်ရင်လည်း စစ်ကောင်စီကလည်း တာဝန်ယူမှုရှိမှပဲ ဖြစ်တယ်လေ။ ကျနော်တို့ကတော့ ဒီရွေးကောက်ပွဲကို မကြိုဆိုဘူး။ ကျနော်တို့လည်း ရတဲ့နည်းနဲ့ NUG ရဲ့ လမ်းညွှန်မှုနဲ့ NUG ကလည်း တရားဝင်ပြောထားပြီးတာ ။ လုပ်သင့်တဲ့ဟာကို လုပ်သွားမှာပေါ့နော်။ ကျနော်တို့ကတော့ NUG ရဲ့ လမ်းညွှန်မှုနောက်ကိုပဲ လိုက်သွားမှာပေ့ါ။ ဘယ်လိုပုံစံ နဲ့ လုပ်သွားမလဲဆိုတာကိုတော့ ပြောလို့ မရသေးဘူးပေါ့နော်။ စစ်ရေးအရနဲ့ ရွေးကောက်ပွဲကို လုပ်လို့မရအောင် ဖျက်သိမ်းမလား။ နိုင်ငံရေးအရ လုပ်မလားဆိုတာတော့ ကျနော်တို့ NUG အစိုးရပေါ်မှာပဲ မူတည်တယ်ဗျ။

မေး ။ ။ ရွေးကောက်ပွဲ လုပ်ဖြစ်ရင် မဲပေးတဲ့ချိန်မှာ လုံခြုံမှုရှိမယ်လို့ ထင်လား။

ဖြေ ။ ။ သူတို့ ထိန်းချုပ်နိုင်တဲ့ နေရာ မြို့ကြီးတွေမှာတော့ ရွေးကောက်ပွဲကိုတော့ လုပ်နိုင်လိမ့်မယ်လို့ ထင်တယ်။ ဒါပေမယ့် မဲသွားပေးတဲ့ ပြည်သူတွေရဲ့ လုံခြုံမှုတွေရှိနိုင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ တော်လှန်ရေးလုပ်နေတဲ့ရဲဘော်တွေက မြို့တိုင်း မှာက ရှိနေတယ်။ ပြီးတော့ မြို့တိုင်း ရွာတိုင်းမှာလည်း ကျနော်တို့ ရဲဘော် ကွန်ယက်တွေကလည်း ရှိနေတယ်။ လက်နက်လည်း ရှိထားတယ်။ ဒါကြောင့် လုံခြုံမှုမရှိနိုင်ဘူး။ ပြောရရင်တော့ ကျနော်တို့တော့ ဒီရွေးကောက်ပွဲကို မထောက်ခံဘူး။ ရအောင်တော့ ဖျက်ရမှာပေါ့။ သူကတော့ နိုင်ငံတကာ ဖိအားကြောင့် ပြီးပြီးရောဆိုပြီး လုပ်သွားမှာပဲ။ တရားဝင်တဲ့ ရွေးကောက်ပွဲလည်း ဖြစ်လာမှာ မဟုတ်တဲ့အတွက် ရတဲ့နည်းနဲ့တော့ လုပ်သွားမှာပဲ။ အဲ့ကြောင့် မဲသွားပေးမဲ့ ပြည်သူတွေကလည်း သတိထားပေါ့နော်။ စစ်ကောင်စီကလည်း လုံခြုံမှုကို ဘယ်လောက်ပေးနိုင်မလဲဆိုတာ သူတို့ပေါ်တော့ မူတည်တာပေါ့။

မေး ။ လူငယ်တစ်ယောက်အနေနဲ့ လက်ရှိ နိုင်ငံရေး၊ တော်လှန်ရေး အခြေအနေပေါ် ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ အာဏာသိမ်းတာက ကျနော်တို့အတွက်က ပထမဆုံး အတွေ့ကြုံလည်းဖြစ်တယ်။ လက်နက်ကိုင်လမ်းစဉ် ကိုလည်း ကျနော်တို့ ပထမဆုံး ရွေးချယ်ခဲ့တာလည်း မဟုတ်ဘူး။ ကျနော်တို့ကလည်း ကျောင်းသားတွေဖြစ်တယ်။ ကျနော်တို့လည်း ဒီမိုကရေစီ နည်းလမ်းကျကျနဲ့ တောင်းဆိုခဲ့တာပဲ။ အဲ့ဒါကို အကြမ်းဖက် ဖြိုခွင်းတာတွေ ရှိလာတယ်။ လက်နက်ရှိတဲ့သူကို ကျနော်တို့ ပြန်ပြီးခုခံဖို့ဆိုလည်း လက်နက်ရှိဖို့လိုတယ်လေ။ ကျနော်လည်း ပအိုဝ်းတိုင်းရင်းသားတစ်ယောက်လည်း ဖြစ်တယ်လေ။ ဒါပေမယ့် ကျနော်တို့က ပအိုဝ်းတိုင်းရင်းသားအတွက်ပဲ လုပ်မှာမဟုတ်ဘူး။ ဒါတော့ ကျနော်ရဲ့ ရပ်တည်ချက်ပေါ့နော်။ ကျနော်ရဲ့ နိုင်ငံရေး ရပ်တည်ချက်ကတော့ ကျနော်လည်း ပြည်သူထဲက ပြည်သူဖြစ်တယ်ဗျ။ တိုင်းရင်းသားတိုင်းက လွတ်မြောက်ဖို့ဆိုရင် လူမျိုးတိုင်း ၊ တိုင်းရင်းသား နဲ့ ဆိုင်တယ်။ လက်ရှိမှာ ကျနော်တို့က လူမျိုးကို ခနမေ့ ထားတာပေါ့။ ကျနော်လည်း လူသားဖြစ်တဲ့အတွက်ကြောင့် လူထုရဲ့ အရေးကို ဆက်လုပ်သွားမယ်။ နိုင်ငံအရေးတွေလည်း ဆက်လုပ်သွားမယ်။

မေး ။ ။ တစ်ဖက်မှာလည်း စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO တပ်ဖွဲ့ကိုကော ပအိုဝ်းလူငယ်တစ်ယောက်အနေနဲ့ ဘာပြောချင်ပါသလဲ။

ဖြေ ။ ။ အရင်ကတော့ ကျနော်တို့က တွေးဖူးတယ်။ သူသည် သျှမ်းတောင် ပအိုဝ်းဒေသတွေဖြစ်တဲ့ ပင်လောင်း၊ ဟိုးပုံး၊ ဆီဆိုင်မြို့နယ်ဘက်တွေဆိုရင် သူတို့က ကျနော်တို့ ပြည်သူဘက် နည်းနည်းပါဝင်လာခဲ့ရင် ဒီတော်လှန်ရေး အတွက် အများကြီး အထောက်ကူပြုတယ်။ လက်ရှိမှာက စစ်ကောင်စီဘက်ကို အများကြီး ယိမ်းတယ်။ စစ်ကောင်စီရဲ့ အလိုတော်ကျ သူတို့လုပ်နေတယ်ပေါ့နော်။ လမ်းပြပေးတယ်။ လိုက်သွားတယ် ပေါ့နော်။ တစ်ခြားနေရာတွေမှာဆိုရင် စစ်ကောင်စီက သူတို့နေရာမှာ လွတ်ထားပေးတာရှိတယ်။ ပြီးတော့ PNO က သူတို့ တပ်သားတွေကို ကရင်နီတိုက်ပွဲမှာလည်း တပ်သားတွေလွတ်ပြီး တိုက်ခိုက်ခိုင်းတာလည်းရှိတယ်။ ဒီအနေထားမှာတော့ သူတို့ကို ကျနော်တို့ရဲ့ ရန်သူအဖြစ်လို့ပဲ သတ်မှတ်ထားတာ။ ကျနော်တို့တပ်ဖွဲ့ရဲ့ ရပ်တည်ချက်ထဲမှာလည်း ပါတယ်ဗျ။ စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေအားလုံးက ရန်သူအဖြစ်လို့ပဲ သတ်မှတ်ထားတယ်။ တိုက်ခိုက်ချေမှုန်းမယ်လို့ ကြေညာထားပြီးပြီ။ PNO အနေနဲ့ စစ်ကောင်စီနဲ့ ပါလာရင်တော့ ကျနော်တို့ တိုက်ခိုက်ရမှာပဲ။ နောက်ထပ်တစ်ခုက ကျနော်တို့ လုပ်မယ့်လမ်းစဉ်မှာ သူတို့က ရှေ့ကနေ ဟန့်တားတာလာလုပ်ရင်တော့ တိုက်ခိုက်မှုကတော့ ရှိလာနိုင်တယ်ဗျ။ အတတ်နိုင်ဆုံးတော့ သူတို့နဲ့ လူမျိုးရေး ပဋိပက္ခမဖြစ်အောင်တော့ သူတို့ကို ရှောင်တယ်။

သျှမ်းသံတော်ဆင့် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here