လွိုင်ကော်မြို့နယ်အတွင်း တိုက်ပွဲတွင် အရပ်သား မိသားစုဝင် ၃ ဦး ဒဏ်ရာရ

0
201

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA)၊ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ရွာခံပြည်သူ မိသားစုဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

တစ်နေကုန်နီးပါး ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လွိုင်ကော်မြို့ အခြေစိုက် (၂၅၀) အမြှောက်တပ်မှ လွိုင်လင်လေးကျေးရွာသို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် မိသားစုဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်ခြံစည်းရိုးလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ရွာခံပြည်သူများက ပြောသည်။

အသက် ၄၂ နှစ်အရွယ် ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “နေအိမ်တည့်တည့်ကျတာတော့ မဟုတ်ဘူး။ ခြံဝင်းထဲကျတာ။ ခြံဝင်းနဲ့ အိမ်နဲ့က တော်တော်လှမ်းတယ်။ ခြံဝင်းထဲမှာ သွားလာနေတုန်း ထိတာပေါ့။ ခြံဝင်းတော့ ပျက်စီးသွားတယ်” ဟု ပြောသည်။

ဇန္နဝါရီလ ၁၅ ရက်နေ့၊ ညနေ ၃ နာရီ ဝန်းကျင်အချိန်ခန့်တွင် စစ်ကောင်စီ၏ လွိုင်ကော်မြို့ အခြေစိုက် (၂၅၀) အမြှောက်တပ်မှ လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ရမ်းသန်းပစ်ခတ်ခဲ့ရာမှာ ရွာသားများ ထိမှန်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်ဟု ရွာခံပြည်သူများက ပြောသည်။ ထိုသို့ ပစ်ခတ်မှုကြောင့် အသက် ၅၄ နှစ်အရွယ် ဦးကျော် ဝင်းမှာ ညာဘက်လက်မောင်း ယမ်းစဖောက်ဝင် ပွင့်ထွက်ပြီး ဘယ်ခြေဘက် ခြေထောက်မှ ခြေချောင်း ၂ ချောင်း ပြတ်သွားသည်ဟု ဆိုသည်။

ထို့ပြင် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်မေဇင်ညွှန့်နှင့် သမီးဖြစ်သူ အသက် ၂၁ နှစ်အရွယ် မသန်းသန်းစိုး တို့ ၂ ဦးလည်း ညာဘက်လက်မောင်း ယမ်းစ အနည်းငယ်ထိမှန် ဒဏ်ရာရခဲ့သေးသည်ဟု ဆိုသည်။

ပစ်ခတ်မှုအပြီးတွင် ၎င်းတို့ ၃ ဦးအား ကူညီဆောင်ရွက်ပေးသူများမှ လွိုင်ကော်မြို့ ပြည့်သူ့ဆေးရုံကြီးသို့ အချိန်မီ ပို့ဆောင်ပေးနိုင်ခဲ့သည်ဟု ပြောသည်။

သို့သော် ဦးကျော်ဝင်းမှာ ဒဏ်ရာပြင်းထန်သောကြောင့် လဝက်ခန့် ဆေးရုံတက်ပြီး လက်မောင်းတွင် စတီးချောင်း အစားထိုးကုသရမည့် အခြေအနေရှိသည်ဟု ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက “လွိုင်လင်လေးက တိုက်ပွဲသေးလေးတွေဖြစ်လိုက် ငြိမ်သွားလိုက် အဲ့လိုဆိုတော့ ရှောင်တဲ့လူတော့ ရှောင်ကြတယ်။ နေတဲ့လူက နေကြတယ်။ ရွာလုံးကျွတ် ရှောင်တာမျိုးတော့ မရှိဘူး။ တခြားနေရာကနေ ဒီကို စစ်လာရှောင်ကြတယ်။ ဒီရောက်တော့လည်း ထပ်ရှောင်ရမယ်ဆိုတော့ ခက်ခဲတာပေါ့။ လက်နက်ကြီးကျတာတော့ ဒီနှစ်ထဲ ပထမဆုံးပဲ” ဆက်ပြောသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင်လည်း လွိုင်လင်လေး ကျေးရွာအုပ်စုရှိ ဒေါပါပကျေးရွာအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၁ ဆောင်နှင့် ဆေးခန်း ၁ ဆောင် မီးလောင်ပြာကျ ပျက်စီးခဲ့ပြီး ရွာခံ ၁ ဦးသေဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာရခဲ့သေးသည်။

လွိုင်လင်ကျေးရွာအုပ်စုတွင် ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်တို့ဘက်မှ စစ်ဘေးရှောင်လာသည့် စစ်ရှောင်ပြည်သူ ၅၀၀၀ နီးပါးခန့်ရှိသည်ဟု ရွာခံပြည်သူများက ပြောသည်။

ယခု ဇန္နဝါရီလအတွင်း ဇန္နဝါရီလ ၁၇ ရက်နေ့အထိ ကရင်နီပြည်ထဲတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ရမ်းသန်း ပစ်ခတ်မှုများကြောင့် အရပ်သား ၂ ဦး သေ၊ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဖြစ်သည်ဟု ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here