စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ထောက်ပံ့ကူညီခြင်းမပြုရန် နိုင်ငံတကာအား SIF မေတ္တာရပ်ခံ

0
199

စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးပြဿနာများကို ပြေလည်စေမည့် အဖြေမဟုတ်သည့်အတွက် ထောက်ပံ့ကူညီမှုများ မပြုလုပ်ကြရန် နိုင်ငံတကာ အသိုင်းအဝိုင်းအား မဟာဗျူဟာ ညှိနှိုင်းဖော်ဆောင်ရေးအင်အားစု SIF က မေတ္တာရပ်ခံ တောင်းဆိုလိုက်သည်။

မဟာဗျူဟာညှိနှိုင်း ဖော်ဆောင်ရေးအင် အားစု SIF က အမျိုးသမီးခေါင်းဆောင် လွေးပိုးငယ်က “ဒီရွေးကောက်ပွဲ ကျင်းပလိုက်ခြင်းအားဖြင့် ကျမတို့နိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ဘူး။ အဲဒီတော့ တချို့သော နိုင်ငံတကာအဖွဲ့အစည်းတွေက ရွေးကောက်ပွဲသည် နိုင်ငံရေး ပြဿနာဖြေရှင်းသည့် နည်းလမ်းတစ်ခု ဟုတ်တယ်လို့ အမြဲတမ်း ကျမတို့ကို ပြောနေတာ ကျမတို့လည်း လက်ခံပါတယ်။ ဒါပေမယ့် စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကတော့ မဟုတ်နေဘူး။ ဒါကြောင့်မို့လို့ ဒီမိုကရေစီစနစ်ကို လေးစားတန်ဖိုးထားတယ်။ ဒီမိုကရေစီ မူတွေကို လေးစားတန်ဖိုးထားတယ်ဆိုလို့ရှိရင် ဘယ်နိုင်ငံတကာ အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် ဒီစစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို မပါဝင်သင့်သလို မထောက်ပံ့သင့်ဘူးလို့ ကျမတို့ကတော့ ပြောချင်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ ပကတိ အခြေအနေအရ ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ရွေးကောက်ပွဲတစ်ခုတည်းဖြင့် တည်ဆောက်၍ မရနိုင်သည့်အတွက် မြန်မာပြည်သူလူထု၏ နိုင်ငံရေး စိတ်ဆန္ဒနှင့် ဆန့်ကျင်သည့် လုပ်ရပ်များကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မလုပ်ဆောင်ကြရန် တောင်းဆိုသည်ဟု လွေးပိုးငယ် က ဆက်ပြောသည်။

လွေးပိုးငယ်က “မြန်မာနိုင်ငံရဲ့ ပြည်သူလူထုတွေက လက်မခံတာကို ဒီနိုင်ငံတကာ အဖွဲ့အစည်းတွေက ဝိုင်းဝန်း ပံ့ပိုးမယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံရဲ့ ပြည်သူလူထုရဲ့ နိုင်ငံရေး စိတ်ဆန္ဒကို စော်ကားလိုက်တာနဲ့အတူတူပဲ။ ဒါ ကြောင့်မို့လို့ ကျမတို့က ဘယ်လိုနိုင်ငံမဆို ဥပမာ အိန္ဒိယဆိုလို့ ရှိရင်လည်း ဒီရွေးကောက်ပွဲ ဖြစ်လာလို့ရှိရင် နည်းပညာတွေ ကူညီပံ့ပိုးမယ် ဆိုတဲ့ဥစ္စာက လုံးဝ ပြည်သူလူထုရဲ့ နိုင်ငံရေးစိတ်ဆန္ဒတွေနဲ့ သွေဖီနေတာကို ကျမ တို့ ပြောချင်တယ်။ ဒါကြောင့်မို့လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက တကယ်ပဲ မြန်မာနိုင်ငံရဲ့ ပြည်သူလူထု တွေရဲ့ ဘဝလုံခြုံမှု ပြည်သူ လူထုရဲ့ အခွင့်အရေးတွေ ပြည်သူလူထုရဲ့ စိတ်ဆန္ဒအမှန်ကို လေးစားတန်ဖိုးထားတယ် ဆို လို့ရှိရင် စစ်ကောင်စီ လုပ်မယ့် တရားမဝင်တဲ့ ရွေးကောက်ပွဲမှာ ပံ့ပိုးစရာ ဘာမှမရှိဘူးလို့ ကျမတို့ တောင်းဆိုချင်တယ်” ဟု ပြောသည်။

စစ်တပ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အဖြေမထွက်သည့် အတုအယောင် နိုင်ငံရေး တွေ့ ဆုံဆွေးနွေးပွဲများကို လုပ်ဆောင်ခဲ့သကဲ့သို့ ယခုကျင်းပမည့် ရွေးကောက်ပွဲသည်လည်း အတုအယောင် ရွေး ကောက်ပွဲသာ ဖြစ်သည့်အပြင် တရားဝင်မှုလည်း မရှိသည့်အတွက် နိုင်ငံတကာ အနေဖြင့် မကူညီမ ထောက်ပံ့ပဲ ကန့်ကွက်ရှုံချကြရန် SIF က တောင်းဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့က ထုတ်ပြန်ထားသည့် မဟာဗျူဟာညှိနှိုင်း ဖော်ဆောင်ရေး အင်အားစု SIF ၏ အတုအယောင် ရွေးကောက်ပွဲဆိုင်ရာ ရပ်တည်ချက်နှင့် တိုက်တွန်းချက်ထဲတွင် တိုင်းရင်းသား ပြည်သူများအားလုံးပါဝင်သည့် ပြည်သူ့တော်လှန်ရေး၏ ရည်မှန်းချက် ( ၃ ) ရပ်ကို ထည့်သွင်းထားပြီး ထိုအချက်များမှာ စစ်အာဏာ ရှင်စနစ် ဖျက်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးအပိုင် ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည် ထောင်စု တည်ဆောက်ရေးတို့ ဖြစ်သည်။

ထို့အပြင် မြန်မာပြည် ဖက်ဒရယ် ဒီမိုကရေစီ တော်လှန်ရေး လမ်းကြောင်းတွင် ပြည်သူများနှင့်အတူ သွေးစည်း ညီညွတ်စွာ ရပ်တည်နေသည့် ကမ္ဘာ့နိုင်ငံအစိုးရများနှင့် အဖွဲ့အစည်းအသီးသီးအနေဖြင့်လည်း ဝိုင်းဝန်းကန့်ကွက် ရှုံ့ချကြရန် ပန်ကြားလိုပါသည်ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

လူ့ဘောင်သစ် ဒီမိုကရက် တစ်ပါတီ – DPNS ဥက္ကဋ္ဌ လည်းဖြစ် မဟာဗျူဟာ ညှိနှိုင်းဖော်ဆောင်ရေး အင်အားစု SIF ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဦးအောင်မိုးဇော်က “နိုင်ငံတကာက ဝိုင်းဝန်းဆန့်ကျင်လိမ့်မယ်လို့လည်း ကျနော်တို့က ယုံကြည်တယ်။ သို့သော်လည်းပဲ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ တရုတ်တို့ အိန္ဒိယတို့ ဒီဖက်ထိုင်းတို့ပေါ့လေ။ အာဆီယံနိုင်ငံ အချို့ကိုတော့ ကျနော်တို့ ယုံကြည်ဖို့ နည်းနည်းခက်တယ်။ အဲဒါကြောင့် အဲဒီအင်အားစုတွေကိုလည်းပဲ အဲဒီနိုင်ငံတွေကိုလည်းပဲ ထပ်ပြီးတော့ တိုက်တွန်းတာဖြစ်ပါတယ်ဗျ” ဟု ပြော သည်။

မဟာဗျူဟာ ညှိနှိုင်းဖော်ဆောင်ရေး အင်အားစု – SIF သည် အာဏာရှင်စနစ်များ အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ဖော်ဆောင်ရေး နိုင်ငံရေးရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် အခြေခံ အားဖြင့် အမြင်၊ ရပ်တည်ချက်နှင့် နည်းနာများ တူညီသည့် တော်လှန်သော နိုင်ငံရေးအင်အားစုများ၊ တသီး ပုဂ္ဂလများ၏ ဆုံရပ်ဖြစ်သည်ဟု ဆိုသည်။

SIF တွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ GSC၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS နှင့် အမည်မဖော်လိုသော အဖွဲ့အစည်းများ၊ နိုင်ငံရေးပုဂ္ဂိုလ်များ ပါဝင်သည်ဟု သိရသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here