မီဇိုရမ်ပြည်နယ်ထဲ ဗုံးကြဲချမှု ကိုင်တွယ်တားဆီးရန် အိန္ဒိယအစိုးရကို YMA တောင်းဆို

0
146

စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ပိုင်နက်အတွင်း ဗုံးကြဲချမှုအပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ယင်းကိစ္စအပေါ် ကိုင်တွယ်ဖြေရှင်းပေးရန် မီဇိုးလူငယ်အသင်း (YMA) က အိန္ဒိယဗဟိုအစိုးရကို တောင်းဆိုလိုက်သည်။

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်း တည်ရှိသော ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ် ဝိတိုရိယစခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့က စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက ကြဲချလိုက်သည့် ဗုံးတစ်လုံးသည် မီဇိုရမ်ပြည်နယ် Farkawn နယ်မြေထဲသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ် Tuipuiral Group YMA က ဇန်နဝါရီလ ၁၂ ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ စစ်ကောင်စီက ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ် ဝိတိုရိယစခန်းအား တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း၊ မီဇိုရမ်ပိုင်နက်ထဲတွင်လည်း ဗုံးကြဲချသည့်အပြင် နယ်စပ်ချောင်းတွင် သဲတင်ကားတစ်စီးလည်း ပျက်စီးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီသည် ယခင်ကလည်း လေးစားမှုတစုံတရာမရှိပဲ အိန္ဒိယပိုင်နက်အတွင်းသို့ တိုက်လေယာဉ်များ မကြာခဏ ပျံသန်းခဲ့ပြီး ယခုတကြိမ်တွင် ဗုံးကြဲချလာခြင်းဖြစ်သည်ဟု Tuipuiral Group YMA က ဆိုသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် နယ်စပ်ရှိ အိန္ဒိယနိုင်ငံသား တောင်သူလယ်သမားများနှင့် သဲလုပ်ငန်းလုပ်ကိုင်သူများ အထိတ်တလန့်ဖြစ်ကြရပြီး လက်ရှိအချိန်ထိ ၎င်းတို့၏လုပ်ငန်းခွင်များသို့ ပြန်မဝင်ရဲကြသေးပဲ စွန့်ခွာထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။

စစ်ကောင်စီ၏လုပ်ရပ်သည် နိုင်ငံတကာဥပဒေအား ချိူးဖောက်ရာရောက်ပြီး အိန္ဒိယပိုင်နက်အတွင်း တိုက်လေယာဉ်များ ပျံသန်းကာ ဗုံးကြဲချမှုကို ကိုင်တွယ်ဖြေရှင်းပေးရန် အိန္ဒိယအစိုးရကို အလေးအနက်တောင်းဆိုသည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here