စစ်ကောင်စီရွေးကောက်ပွဲ ဖလမ်းနှင့် အထက်ချင်းတွင်းဒေသအတွင်း မပြုလုပ်ရန် CNO/CNDF တားမြစ်

0
132

တရားဝင်အစိုးရဖြစ်ရေးအတွက် စစ်ကောင်စီက ဦးဆောင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် အထက်ချင်းတွင်းဒေသအတွင်း ကျင်းပပြုလုပ်ခြင်းမရှိစေရန် ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF က လုံးဝတားမြစ်ထားသည်ဟု ဇန်နဝါရီလ ၁၁ ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) စစ်ဌာနချုပ်ရုံး (War Office), Camp Rihli, Chinram ၌ ဇန်နဝါရီလ (၆) ရက်မှ (၉) ရက်နေ့အထိ (၄) ရက်တိုင်တိုင် ကျင်းပပြုလုပ်သော ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ ဒုတိယအကြိမ်မြောက် ညီလာခံအစည်းအဝေးအပြီးတွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ထိုကဲ့သို့ သဘောထားထုတ်ပြန်လာခြင်းဖြစ်သည်။

“လက်နက်မဲ့ပြည်သူလူထုများကို အကြမ်းဖက်သတ်ဖြတ်၊ ပြည်သူ့အိုးအိမ်များကို အကြောင်းမဲ့မီးရှို့ဖျက်စီး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပေါ် စစ်ကြောင်း အဆမတန်ဖြင့် တိုက်ခိုက်နေသည့်အပြင် လေကြောင်းဖြင့်ပါ တိုက်ခိုက်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ တရားဝင်အစိုးရဖြစ်ရေးအတွက် ဦးဆောင်ပြုလုပ်မည့် ရွေးကောက်ပွဲအား ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် အထက်ချင်းတွင်းဒေသအတွင်း ပြုလုပ်ခြင်းမရှိရန် CNO/CNDF မှ လုံးဝတားမြစ်သည်။ တားမြစ်သည့်ကြားမှ ထိုရွေးကောက်ပွဲအထမြောက်အောင် ကူညီမည့် မည်သည့်ပုဂ္ဂိုလ်မျိုးမဆို CNO/CNDF မှ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်သည်” ဟု CNO/CNDF ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

CNO/CNDF အနေဖြင့် အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ ဆုံးခန်းတိုင်အောင် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုလည်း ဆိုပါသည်။

၄ ရက်ကြာကျင်းပပြုလုပ်သော ထိုညီလာခံ အစည်းအဝေးတွင် ကိုယ်စားလှယ်(၆၀)ဦးနှင့် စောင့်ကြည့်လေ့လာသူ (၃၀) ဝန်းကျင်ခန့်၊ စုစုပေါင်း (၉၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး ချင်းအမျိူးသားကာကွယ်ရေးတပ်ဖွဲ့ရှိ ဌာနအသီးသီးနှင့် တပ်မဟာ၊ တပ်ရင်းအလိုက် တစ်နှစ်တာလုပ်ငန်းဆောင်ရွက်များနှင့် လှုပ်ရှားမှုများ အစီရင်ခံခြင်း၊ ဘဏ္ဏာရေးအစီရင်ခံစာ တင်သွင်းခြင်း၊ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်မှုများအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် တပ်မဟာ (၄) ခုနှင့် စစ်ဌာနချုပ်ရုံး၏ တာဝန်ခွဲဝေယူမူများ၊ နယ်မြေသတ်မှတ်ခြင်းများ၊ ငွေကြေးစီမံမှုဆိုင်ရာ ပေါ်လစီများ၊ နေ့ထူးနေ့မြတ်သတ်မှတ်ခြင်းများ၊ စည်းမျဉ်းစည်းကမ်းနှင့် စစ်ကျင့်ဝတ်များနှင့်ပတ်သက်၍ အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် စစ်ဖက်ဆိုင်ရာ တရားရုံးကို တပ်မဟာအဆင့်၊ စစ်ဌာနချုပ်ရုံးအဆင့်နှင့် Defense Council အဆင့်ဟူ၍ သတ်မှတ်ပြဌာန်းပြီး အများပြည်သူ အားကိုးအားထားပြုထိုက်သော တပ်ဖွဲ့ဖြစ်နိုင်ရေးကို မူဝါဒများ ချမှတ်ခဲ့ကြသည်ဟု သိရသည်။

KMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here