ဧရာဝတီတိုင်း လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာ လှမြတ်သွေးအား ပုသိမ်အကျဉ်းထောင်အတွင်း (၁၀) ရက်ကျော်ကြာ တိုက်ပိတ်ထားဟုဆို

0
238

ဧရာဝတီတိုင်း NLD အစိုးရအဖွဲ့က လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး တိုက်ပိတ်ခံနေရသည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။

လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို စစ်ကောင်စီက ပုသိမ်အကျဉ်းထောင်အတွင်း၌ တိုက်ပိတ်ထားသည်မှာ ၁၀ ရက်ကျော်ကြာနေပြီဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။

ပုသိမ်ထောင်က ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးက “ဒီဇင်ဘာ ၂၈ ရက်နေ့က ပုသိမ်ထောင်ကိုပို့ပြီး ဆက်ဖမ်းထားတယ်။ ရောက်တဲ့နေ့ကတည်းက တိုက်ပိတ်ခံနေရတာ။ ရေသန့် ပို့ပေးခွင့်တောင် မရဘူး။ အန်တီကို ၅၀၅-ခ နဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်” ဟု ပြောသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့က စစ်ကောင်စီမှ ဖမ်းထားရာမှ ဧရာဝတီတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌတို့ကို ဖမ်းဆီးထားသည့် နေရာအသီးသီးမှ ပြန်လွှတ်ပေးခဲ့သော်လည်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကိုမူ ဆက်ဖမ်းထားပြီး ပုသိမ်ထောင်ကို ပို့လိုက်ခြင်းဖြစ်သည်။

လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို စစ်ကောင်စီ၏အမိန့်ဖြင့် ထောင်အတွင်း၌ သီးသန့် တိုက်ပိတ်ချုပ်နှောင်ကာ တစ်နေ့တစ်ကြိမ် တစ်နာရီ လမ်းလျှောက်ခွင့်ပေးထားပြီး သူမ လမ်းလျှောက်သည့်အချိန်တွင်လည်း အမျိုးသမီး ထောင်ဝန်ထမ်းတစ်ဦးက စောင့်ကြပ်လိုက်ကြည့်နေသည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူအချို့က ပြောသည်။

စစ်ကောင်စီက ညှိနှိုင်းမှုများလုပ်သော်လည်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက လုံးဝ လက်မခံခဲ့ဘူးဟု လွတ်ငြိမ်းသက်သာဖြင့် လွတ်မြောက်လာသည့် နိုင်ကျဉ်းအချို့က ပြောသည်။

ထို့အပြင် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့က အစိုးရဝန်ထမ်းများအားလုံးကို ပြည်သူ့အစိုးရအဖွဲ့ မဖွဲ့စည်းမှီအထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း ကြေညာချက်တစ်စောင်ကို ဒေါက်တာလှမြတ်သွေးက ထုတ်ပြန်ခဲ့ဖူးသည်ဟု ဆိုသည်။

NLD ပါတီက တာဝန်ရှိသူတစ်ဦးက “လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို စစ်ကောင်စီက ထောင်အပြင်ဘက် ဝင်းထဲက အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးမယ်လို့ မထင်ဘူး။ ဗွီဒီယို ရုပ်သံစနစ်နဲ့ အကျဉ်းတိုက်အတွင်း ဒါမှမဟုတ် ထောင်ထဲက အခန်းတစ်ခုမှာ စစ်ဆေးနိုင်တယ်” ဟု ပြောသည်။

ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးသည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှစတင်ကာ ရေကြည်မြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသော တစ်ဦးတည်းသော NLD ပါတီဝင်ဖြစ်ကာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ဆက်လက်အရွေးခံရပြီး ဧရာဝတီတိုင်း အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဖြစ်လာခဲ့သည်။

ထို့နောက် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ရေကြည်မြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရွေးချယ်ခံထားရသူဖြစ်ကာ အာဏာစသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှစတင်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်အတူ ပုသိမ်မြို့ရှိ ဝန်ကြီးများအိမ်ယာဝင်းအတွင်း သူမနေထိုင်သည့် အိမ်မှာပင် အကျယ်ချုပ်ဖြင့် စစ်ကောင်စီက ၂ နှစ်နီးပါး ဖမ်းဆီးထားခဲ့ခြင်းသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here