ရိက္ခာသယ်ရန် စစ်ကောင်စီတပ်က ဖိအားပေးစေခိုင်းနေသဖြင့် ပလက်ဝစစ်ဘေးရှောင်များ စိုးရိမ်နေ

0
171

ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများကို စစ်ကောင်စီတပ်က ဆန်ရိက္ခာများသယ်ဆောင်ရန် ငွေကြေးတချို့ပေးကာ ဖိအားပေးခိုင်းစေမှုများရှိနေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

ဇန်နဝါရီလ ၈ ရက်နေ့မှစ၍ စစ်ဘေးရှောင်များကို စစ်ကောင်စီတပ်က ကားဖြင့်ခေါ်ဆောင်ကာ အဘောင်သားကျေးရွာအနီးတွင် စုပုံထားသည့် ဆန်အိတ်များကို စစ်ကောင်စီတပ်မှ တပ်စွဲနေထိုင်လျက်ရှိသည့် ခဝဲရွာနှင့် ဆူးပုတ်ကျေးရွာအနီးရှိ တောင်ပေါ်သို့ သယ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ပြောသည်။

“ဆန်အိတ်တွေကို အဘောင်သားကျေးရွာကနေ ခဝဲရွာကို ဆိုင်ကယ်နဲ့သယ်ပေးရတယ်။ ပြီးရင် အဲဒီ အဘောင်သားကျေးရွာကနေပဲ ဆူးပုတ်တောင်ကိုလည်း ကုန်းကြောင်းကနေ ဆန်အိတ်ထမ်းပြီး ဒီအတိုင်း သယ်ပေးရတယ်။ ဆူးပုတ်တောင်က အရမ်းမြင့်တော့ သယ်ပေးတဲ့လူတွေက တော်တော်ပင်ပန်းကြပါတယ်။ တစ်ရက်မှာ ၃ နာရီလောက်စီ လုပ်ကိုင်ပေးနေရတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် စစ်ဘေးရှောင်တစ်ဦးက DMG သို့ ပြောသည်။

ထိုသို့ စစ်ကောင်စီ၏ ခိုင်းစေမှုကို မလုပ်ချင်သော်လည်း ကြောက်လန့်သည့်အတွက် လုပ်ပေးနေရသည်ဟု ၎င်းက ဆက်ပြောသည်။

“ကျနော်တို့က နှစ်ဖက်တပ်တွေကြားထဲက မြေစာပင်တွေပါ။ တကယ့်ကို ကျပ်ကျပ်တည်းတည်းလည်း နေရတယ်။ အခုလည်း စစ်သားတွေအတွက် ဆန်အိတ်တွေ သယ်ခိုင်းတာကို မလုပ်‌ပေးရင် ဘာလုပ်မှာလဲဆိုတဲ့ ကြောက်စိတ်နဲ့ လုပ်ပေးနေရတာပါ” ဟု ဆိုသည်။

ဆန်အိတ်သယ်ဆောင်ခအဖြစ် စစ်ကောင်စီတပ်က ဆန်တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀ စီပေးသော်လည်း ခရီးမှာ ကြမ်းတမ်းဝေးလွန်းလှသဖြင့် ပင်ပန်းစွာ သယ်ဆောင်ကြရကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ပလက်ဝမြို့ပေါ်မှ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးကလည်း “ခေါ်ယူခိုင်းစေမှုတွေ ရှိတာတော့ ဟုတ်ပါတယ်။ အဘောင်သားကျေးရွာကနေ ခဝဲရွာအထိ ၁ သောင်းကျစီပေးပါတယ်။ ဆူးပုတ်တောင်ကိုလည်း ၁ သောင်းစီပေးတယ်လို့ ပြောသံကြားပါတယ်။ ဒီနေ့တော့ လူ ၅ ယောက်၊ ၁၀ ယောက် လိုက်သွားတာရှိပါတယ်” ဟု ဇန်နဝါရီလ ၁၀ ရက်နေ့က DMG သို့ ပြောသည်။

စစ်ကောင်စီတပ်က ဆန်ရိက္ခာသယ်ဆောင်ရန် စစ်ဘေးရှောင်များကို ခိုင်းစေနေသည်ဟု ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

ရခိုင်ပြည်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တကျော့ပြန်တိုက်ပွဲ ငါးလကျော်ကြာ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက် လူသားချင်းစာနာမှုကို အကြောင်းပြုကာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က အလွတ်သဘော အပစ်ရပ်ခဲ့ကြသည်။

အောင်ထိန်(DMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here