တစ်နှစ်အတွင်း ဒရုန်းစစ်ဆင်ရေး ၄၃၀ ကျော် ပြုလုပ်ခဲ့ကြောင်း Federal Wings အဖွဲ့ ထုတ်ပြန်

0
142

တစ်နှစ်အတွင်း ဒရုန်းစစ်ဆင်ရေး ၄၃၀ ကျော်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀၀ ကျော် မြေသြဇာအသွင် ပြောင်းလဲနိုင်ခဲ့ကြောင်း Federal Wings အဖွဲ့မှ ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ဆင်ရေးများအား KNU တပ်မဟာ (၃) နှင့် တပ်မဟာ (၆) နယ်အတွင်းရှိ ထိတွေ့ တိုက်ပွဲများစခန်းသိမ်းတိုက်ပွဲကြီးများတွင် သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့ စစ်ကြောင်းများနှင့် ပူးတွဲလုပ်ဆောင်ခဲ့ကြောင်းကိုလည်း ၎င်းတို့၏ တစ်နှစ်ပြည့် ပြည်သူများအားတင်ပြသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာတွင် လွတ်လပ်ရေးကိုလိုလားသည့် ပြည်သူလူထုအပေါင်းမှ ထည့်ဝင်လှူဒါန်းထားသည့် ငွေကြေး အမေရိကန်ဒေါ်လာ ၂၆၅၂၄၂ ရရှိထားပြီး ၎င်းငွေဖြင့် စစ်အာဏာရှင် တိုက်ထုတ်ရေးကို အကျိုးရှိစွာ အသုံးပြုနေကြောင်းကိုလည်း အသိပေးဖော်ပြထားသည်။

Federal Wings ၏ ဘဏ္ဍာရေးဆိုင်ရာရပ်တည်မှုမှာ Federal Wings Committee ၏ တော်လှန်ရေးရံပုံငွေနှင့် ပြည်သူလူထု၏ ထည့်ဝင်လှူဒါန်းငွေများမှသာဖြစ်ပြီး NUG အပါအဝင် အခြား မည်သည့်အဖွဲ့အစည်းများထံမှ ရယူထားခြင်းမျိုးမရှိကြောင်းကိုလည်း ပြည်သူများထံတင်ပြသည့် အစီရင်ခံစာတွင် ပြောဆိုထားသည်။

Federal Wings အနေဖြင့် NUG ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်း၏ လမ်းညွှန်မှုဖြင့် သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီးဌာန (MOCIT) နှင့် ချိတ်ဆက်ပြီး တော်လှန်ရေးကိစ္စရပ်များကို ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

လက်ရှိ ဖြစ်ပွားနေသည့် ကော့ကရိတ်တိုက်ပွဲ၊ တောင်စွန်းတိုက်ပွဲနှင့် ကြာအင်းဆိပ်ကြီးတိုက်ပွဲများတွင် Federal Wings ဒရုန်းတပ်ဖွဲ့များအနေဖြင့် သက်ဆိုင်ရာ တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့ စစ်ကြောင်းများနှင့် အတူအင်အားဖြည့် ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိကြောင်းကိုလည်း ပြောဆိုထားသည်။

ခိုင်လူလှ(ရိုးမမြေ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here