ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲခံရသည့် ဘူသီးတောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦးအား ရုံးထုတ်

0
160

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့် တရားစွဲခံထားရသည့် ဘူသီးတောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦးအား ယနေ့ တွင် ၅ ကြိမ်မြောက် ရုံးထုတ်ခဲ့သည်ဟုသိရသည်။

၎င်းအုပ်ချုပ်ရေးမှူး ၂ ဦးမှာ အသက် ၆၆နှစ်အရွယ် တပ်မင်းချောင်းကျေးရွာမှ ဒိုင်းနက်လူမျိုး အုပ်ချုပ်‌ရေးမှူး ဦးဦးကျော်လှနှင့် အသက် ၆၀အရွယ် မီးကျောင်ဈေး မူဆလင်ကျးရွာအုပ်ချုပ်ရေးမှူး ဦးဟာမိတ်တူဆောင်းတို့ဖြစ်သည်။

၎င်းအုပ်ချုပ်ရေမှူး ၂ ဦးကို ယနေ့ ဇန်နဝါရီ ၅ရက်နေ့ မနက် ၁၀ နာရီခန့်တွင် ဘူသီးတောင်မြို့နယ် တရားရုံးတွင်ရုံးထုတ်ခဲ့ပြီး၊ လာမည့် ဇန်နဝါရီ ၁၂ ရက်နေ့သို့ နောက်ထပ် ရမန်ရုံးချိန်းပေးလိုက်သည်ဟု ဦးဦးကျော်လှ၏ သားဖြစ်သူက နိရဉ္စရာသတင်းဌာနကို ပြောသည်။

“ကျွန်တော်တို့ဘက်က ငှားထားတဲ့‌ရှေ့နေက နေမကောင်းလို့ပြန်သွားတော့ ရမန်ရုံးချိန်းပဲ ပေးလိုက်ပါတယ်။ အဖေကတော့ မျက်နှာ၊ ခြေတောက်တွေဖူးရောင်လို့မြင်ခဲ့တယ်။ ဆေးဝါးတွေ ပို့‌ပေးတာပေါ့။ ဒါပေမဲ့ တစ်ရက် တစ်ချိန်ပဲဆေးတိုက်တယ်ဆိုတော့ မသက်သာဘူးပေါ့။ စစ်ကြောရေးမှာ ရိုက်နှက်ထားတဲ့ ဒဏ်ကြောင့်အတွင်းနာရနေတာ‌‌ပေါ့။ အသက်က ၆၀ ကျော် နေပြီလေ။ သက်ကြီးအရွယ်ဖြစ်တော့ အရိုက်ခံထားရတာဆိုတော့ ပိုဆိုးသွားတာပေါ့။ ဦးဟာမိတ်တူဆောင်းလည်းနေမကောင်းဘူး။ နှာဆေး၊ချောင်းဆိုး နေတယ်” ဟု ပြောသည်။

အဆိုပါအုပ်ချုပ်ရေး ၂ ဦးကို ဘူသီးတောင် အကျဥ်းထောင်တွင် ချုပ်နှောင်ထားသည်ဟု သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦးမှာ စစ်ကြောရေးတွင်ပြင်းထန်စွာ ဒဏ်ရာရရှိထားသောကြောင့် မိသားစုဝင်များမှာ စိတ်ပူပန်မှုများရှိနေကြသည်ဟု ၎င်းကဆက်ပြောသည်။

“အတွင်းဒဏ်ရာရသွားတဲ့အတွက် မိသားစုတွေမှာတော စိတ်မကောင်းဖြစ်နေကြတယ်။ အဖေရဲ့ မိခင်ဖြစ်သူလည်း အသက်ကြီးပြီ။ အဖွားလည်း သားစိတ်ကြောင့် တော်တော် စိတ်မကောင်းဖြစ်‌နေပါတယ်။ အ‌ဖေ့မှာ ညဆိုရင်ဘေးတစ်စောင်းတောင် မအိပ်နိုင်ဘူးလို့ပြောပါတယ်။ နေရာ‌‌ရွေ့ရင်လည်း နာတယ်တယ်လို့ပြောပါတယ်။ ဆေးခန်းပြဖို့ခွင့်တောင်းပါသေးတယ်။ ပြည်နယ်ကခွင့်မပြုဘူးလို့ ပြောပါတယ်“ ဟု ပြောသည်။

သူတို့နှစ်ဦးကို ရက္ခိုင့်တပ်တော် (AA) ကို ထောက်ပံ့ကြေးကောက်ခံ ပေးဆောင်သည်ဟု အတင်းဝန်ခံခိုင်းပြီးနောက်မှ ဘူးသီးတောင်စစ်ကောင်စီတပ် အရာရှိတစ်ဦးက တရားလိုလုပ်ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မနှင့် ၁၇(၁) ဖြင့် စက်တင်ဘာ ၂၉ ရက်နေ့တွင် အမှုဖွင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ဘူးသီးတောင်မြို့နယ်အခြေစိုက် (၂၃၄) တပ်ရင်း စစ်ဗျူဟာမှ တစ်ခြားအုပ်ချုပ်ရေးမှူး ၁၀ ဦးနှင့်အတူ ၎င်းအုပ်ချုပ်ရေးမှူးနှစ်ဦးကို တွေ့ဆုံရန် စက်တင်ဘာ ၃ ရက်နေ့က ဖိတ်ခေါ်ခဲ့ပြီးနောက် ပြန်မလွှတ်ဘဲ ဖမ်းဆီးခဲ့ဟုသိရသည်။ (NN-13)

ခိုင်လူလှ(ရိုးမမြေ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here