တနင်္သာရီတိုင်းမှာ အကျဉ်းသား ၂၀၀ ကျော် လွတ်မြောက်

0
177

တနင်္သာရီတိုင်းဒေသကြီးမှာရှိတဲ့ အကျဉ်းထောင်နဲ့ အလုပ်စခန်းတွေကနေ ဒီနေ့ ဇန်နဝါရီလ (၄) ရက်နေ့မှာ အကျဉ်းသား (၂၀၀) ကျော်လွတ်မြောက်လာပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား (၈၀) ကျော်ပါတယ်လို့ ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီက တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေထဲကနေ အကျဉ်းသား (၇၀၀၀) ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး တနင်္သာရီတိုင်းက အကျဉ်းသူ/အကျဉ်းသား (၂၀၀) ကျော် ပါဝင်ခဲ့တာပါ။

“ ၂၅၀ ကျော် လွတ်တယ်လို့တော့ သိရတယ်။ အဲထဲက နိုင်ငံရေးအကျဉ်းသားက ၃ ပုံတစ်ပုံ လောက်ပါမယ်ထင်တယ်” လို့ အကျဉ်းထောင်နဲ့နီးစပ်သူတစ်ဦးက သံလွင်တ်ုင်းမ်ကို ပြောပါတယ်။

ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ စစ်ပြေးမှု၊နိုင်ငံရေးအကျဉ်းသား၊မူးယစ်ဆေးဝါးနဲ့ အခြား အမှုတွေဖြစ်ပြီး လွတ်ရက်နီးသူတွေသာ အများဆုံးပါဝင်တယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေထဲက စစ်ကောင်စီလွတ်ငြိမ်းနဲ့ ပြန်ပါလာသူတွေဟာ ပုဒ်မ-၅၀၅ နဲ့ ထောင်ကျခံနေရသူတွေဖြစ်ပြီး ပြစ်ဒဏ် ထက်ဝက်ကျော် ထောင်ကျခံရပြီးသူတွေပဲ ပြန်လွတ် လာတာဖြစ်တယ်လို့ သိရပါတယ်။

“ သိရတာက ထားဝယ်က ၉၀ လွတ်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ၄၆ ဦးပါတယ်။ ထားဝယ်သပိတ်ခေါင်းဆောင် ကိုထူးမြတ်လွင်နဲ့သပိတ်အဖွဲ့ဝင် အချို့ပါတယ်။ 7 Day သတင်းထောက်ဟောင်းလဲပါတယ်။ တခြားအကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသား တွေလည်း ပါသင့်သလာက်ဘဲပါတယ်။ နည်းတော့နည်းတယ်” လို့ ထားဝယ်ခရိုင် ဒီမိုကရေစီ လှုပ်ရှားမှု သပိတ်ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ ထားဝယ်အကျဉ်း ထောင်က (၉၀) ဦး၊ မြိတ်အကျဉ်းထောင်က (၈၂) ဦး၊ကော့သောင်းအကျဉ်းထောင်က (၃၃) ဦး၊ ဆင်ဖြူပြင် အလုပ်စခန်းက (၂၂) ဦး၊ ကျောက်ဖြူတောင် အလုပ်စခန်းနဲ့ အခြားအကျဉ်းစခန်း တွေက (၂၆) ဦး စုစုပေါင်း (၂၅၃) လွတ်မြောက်လာတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထားသူတွေကို နိုင်ငံရဲ့ အထိမ်းအမှတ်နေ့တွေမှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ (၃) ကြိမ်ထက်မနည်းရှိခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်မှုကတော့ နည်းပါးနေသေးတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here