စစ်ကောင်စီ ပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့အား SNDP ဥက္ကဌ အပါအဝင် သျှမ်း ၅ ဦး လက်ခံယူ

0
174

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP (ကျားဖြူပါတီ) ဥက္ကဌ လုံးစိုင်းအိုက်ပေါင်းအပါအဝင် စစ်ကောင်စီမှ ပေးအပ်သည့် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ သျှမ်းအစုအဖွဲ့ ခေါင်းဆောင် ၅ ဦး လက်ခံရရှိကြောင်း စုံစမ်းသိရသည်။

ယနေ့ ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်သော ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်တွင် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဘွဲ့ရရှိသူများကို ဘွဲ့လက်မှတ်များ ပေးအပ်ရာ သျှမ်းအစုအဖွဲ့ခေါင်းဆောင် ၅ ဦး ရှိနေကြောင်း သိရသည်။

“ကျနော် ရရှိတဲ့ ဘွဲ့က သီရိပျံချီဘွဲ့ဖြစ်ပါတယ်၊ ဒါက ပြည်ထောင်စုအတွက် ကောင်းရာကောင်းကျိုး ဖြစ်ထွန်းအောင် ဆောင်ရွက်သူတွေကို ချီးမြှင့်တဲ့ ဆုဖြစ်တာပေါ့၊ ကျနော်နဲ့အတူ ဘွဲ့ရတဲ့ သျှမ်း အစုအဖွဲ့ခေါင်းဆောင်က ၅ ဦး ရှိပါတယ်၊ ဗိုလ်ချုပ်ကြီး ယွက်စစ်လည်းရတယ်။ ဒါပေမယ့် ဘွဲ့တက်ယူတာ မတွေ့ရဘူး၊ သူ့ကိုယ်စား တက်ယူတာလည်း မတွေ့ရဘူး” ဟု ကျားဖြူပါတီ ဥက္ကဌ လုံးစိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဘွဲ့တံဆိပ် ရရှိသည့် သျှမ်းအစုအဖွဲ့ခေါင်းဆောင်များအနက် ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသည့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ခေါင်းဆောင်က ဘွဲ့တံဆိပ် တက်ယူမှု မရှိကြောင်း ဦးစိုင်းအိုက်ပေါင်းက ဆက်ပြောသည်။

စစ်ကောင်စီ ပေးအပ်သည့် ဘွဲ့ကို လက်ခံရရှိ သူများသည် ကျားဖြူပါတီ ဥက္ကဌ လုံးစိုင်းအိုက်ပေါင်းနှင့် ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ ဒုတိယ ဥက္ကဌ (၂) စိုင်းမျိုးသန့်၊ နမ့်ခမ်းကျားဖြူပါတီ ဥက္ကဌလည်းဖြစ် ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်း ဒုဝန်ကြီးဟောင်း ဖြစ်ခဲ့သည့် ဒေါက်တာ စိုင်းကျော်အုန်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်လည်းဖြစ် သျှမ်းပြည်လွှတ်တော် ဥက္ကဌဟောင်းလည်းဖြစ်သည့် စိုင်းလုံးဆိုင် နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ခေါင်းဆောင်ဖြစ်ကြောင်း သိရသည်။

ဝဏ္ဏကျော်ထင်ဘွဲ့ တက်ယူခြင်း မရှိသည့် RCSS ခေါင်းဆောင်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပပြုလုပ်သည့် အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) နှင့် (NCA) လက်မှတ်ထိုးထားသော EAOs (၅) ဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲတွင်လည်း တက်ရောက်ခဲ့ခြင်း မရှိခဲ့ပေ။

သျှမ်းသံတော်ဆင့် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here