စစ်ကောင်စီက ဗုံးသီးတပ်ဒရုန်းတွေနဲ့ တိုက်ခိုက်လာတဲ့အတွက် စစ်ရှောင်ပြည်သူတွေ စိုးရိမ်နေ

0
157

ကရင်နီပြည်မှာ စစ်ကောင်စီကနေပြီး ဗုံးသီးတပ်ဒရုန်းတွေ အသုံးပြုတိုက်ခိုက်လာနေတာတွေ တွေ့ရှိရပြီး စစ်ရှောင်တွေဆီဦးတည် တိုက်ခိုက်လာမှာကို စစ်ရှောင်ပြည်သူတွေက စိုးရိမ်နေကြပါတယ်။

ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ စစ်ရှောင်နေတဲ့ ဦးတူရယ်ကတော့ တကယ်လို့ ဒရုန်းတွေနဲ့ လက်နက်တွေ ပစ်ချခဲ့မယ်ဆိုရင် ကလေးတွေ သက်ကြီးရွယ်အိုတွေ အတွက် စိုးရိမ်ရတဲ့အပြင် ဘာမှ ပြန်မလုပ်နိုင်တာကြောင့် ရှောင်ပုန်းနေဖို့ပဲ ရှိတယ်လို့ ပြောပါတယ်။

”လက်နက်လည်း မရှိဘူး။ ပြန်တိုက်ခိုက်လို့လည်း မရဘူး။ ပြေးဖို့လွှားဖို့ပဲရှိတယ်။ ရှောင်နေလိုက်တယ်။ ပုန်းနေလိုက်တယ်။ အဲလိုလုပ်ရမယ်ထင်တယ်။ တကယ်လို့ ပစ်ချလာခဲ့ရင်တော့ ကျနော်တို့ ပြေးစရာနေရာမရှိတော့ဘူး” လို့ စစ်ရှောင်အမျိုးသားတစ်ဦးဖြစ်တဲ့ ဦးတူရယ်ကပြောပါတယ်။

အကာအကွယ်ဖြစ်အောင်ဆိုပြီးတော့ ကာဗာကျင်းတွေတော့ လုပ်ထားပေမယ့် တကယ်ဖြစ်လာရင်တော့ မလုံခြုံဘူးလို့ သူက ဆက်ပြောပါတယ်။

ကရင်နီမှာဆိုရင် စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲစတင်ဖြစ်ပွားတဲ့အချိန်ကစ စစ်ကောင်စီ ဒရုန်းနဲ့ ကင်းထောက်လှမ်းတာတွေ ရှိပေမယ့် ၂၀၂၂ခုနှစ် နိုဝင်ဘာလကစပြီး ဗုံးသီးတပ်ဒရုန်းနဲ့ တိုက်ခိုက်လာတာကို တွေ့ရပါတယ်။

ပြည်သူလူထု အဆောက်အဦးရှိတဲ့နေရာတွေ စစ်ရှောင်တွေ ရှိတဲ့နေရာတွေကို ပစ်မှတ်ထားပြီး ဒရုန်းနဲ့ တိုက်ခိုက်တာတွေရှိပြီး ဒါဟာ ပြည်သူလူထုကို ပိုပြီးတော့ ခြိမ်းခြောက်တာဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

”ဒရုန်းတွေကို အသုံးပြုပြီးတော့ ရွာတွေကို တိုက်ခိုက်တာတွေလည်း ရှိပါတယ်။ ဒါနောက်ဆုံးဖြစ်သွားတဲ့ ဒီလ (ဒီဇင်ဘာလ) ထဲမာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ကျနော်တို့ လွိုင်လင်လေးဘက်ခြမ်းမာဆိုရင် ကျနော်တို့ ဒီလိုမျိုးကိစ္စတွေ တွေ့ရတာရှိတယ်။ ကျနော်တို့ ဝမ်ငေါ့ ဘက်မာပေါ့နော်။ ကျနော်တို့ ကျောင်းတွေပေါ်မာ အဆောက်အဦးတွေအပေါ်မာ ဒရုန်းတွေ အသုံးပြုပြီးတော့ ပစ်ချတယ်ဆိုတဲ့ သက်သေအထောက်အထားတွေ တချို့ကျနော်တို့မှာလည်းရှိတယ်။ အရင်တုန်းကတော့ စစ်ပိုင်းဆိုင်ရာအရမှာ တိုက်ခိုက်မှုသုံးတဲ့ ပုံစံကနေ အခုလူထုတွေအပေါ်ပေါ့နော်။ ပြည်သူလူထုတွေ IDPs တွေရှိတဲ့ အရပ်တွေကို စနစ်တကျ သွားပြီးတော့ဒရုန်းနဲ့ ပစ်ချခြင်းဟာ ကျနော်တို့ ရှုတ်ချရမယ့် ကိစ္စရပ် လုပ်ရပ်တစ်ခုပေါ့။ အရင်တုန်းကဆို လက်နက်ကြီးနဲ့ ပစ်တယ်။အခုဆို ပိုဆိုးပြီးတော့မှ ပိုပြီး တိကျမှန်ကန်တဲ့ ပိုပြီးတော့ နီးစပ်မှု အထိရောက်မှုအရှိဆုံး ဒရုန်းနဲ့ကြဲတာက ပိုပြီးတော့မှ လူထုကိုခြိမ်းခြောက်ရာရောက်တယ်”

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ ဒီးမော့ဆို အနောက်ဖက်ခြမ်း တစ်နေရာမှာ စစ်ကောင်စီက ဗုံးသီးတပ်ဒရုန်းနဲ့ လာရောက်ပစ်ခတ်တာရှိခဲ့ပါတယ်။

အလားတူ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က ဒီးမော့ဆို အနောက်ဖက်ခြမ်း ကျေးရွာတစ်ရွာ လူနေအိမ်တစ်လုံး ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

လက်ရှိ စစ်ကောင်စီအသုံးပြုတိုက်ခိုက်နေတဲ့ ဗုံးသီးတပ်ဒရုန်းဟာ ၆၀ မမအရွယ် လက်နက် ၄ လုံးကို သယ်နိုင်တဲ့ ဒရုန်းဖြစ်တယ်လို့ ပြောဆိုကြတာရှိပါတယ်။

တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့နေရာတွေ စစ်ရှောင်တွေရှိနေတဲ့ နေရာတွေကို လက်နက်ကြီးတွေ မကြာခဏကျရောက်နေတာရှိပါတယ်။

ပြည်သူတွေအနေနဲ့ကတော့ ပွင့်လင်းရာသီမှာ တိုက်ပွဲတွေ ပိုပိုပြင်းထန်လာမှာကို စိုးရိမ်နေပြီး နောက်နှစ်တွေ စိုက်ပျိုးဖို့ ခြံတွေကိုတောင် ပြန်ရှင်းရမလား မရှင်းရဘူးဆိုတာတောင် မသေချာတော့တဲ့အထိ စိုးရိမ်မှုတွေရှိနေတယ်လို့ ဆိုကြပါတယ်။

နော်ဒွေးအယ်ခူ (ကန္တာရဝတီတိုင်းမ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here