တနင်္သာရီမြို့နယ်မှာ တိုက်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာ

0
147

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ကတည်းက စတင်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ မြို့နယ်နေရာအနှံနီးပါးအထိ ပိုမိုကျယ်ပြန့်လာတယ်လို့ မဟာမိတ်တပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီတိုက်ပွဲတွေဟာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဗောဓိကမ်း၊ ဘန်လော၊ ဇဝဲ၊ ၆ မိုင်ကျေးရွာအပါအဝင် ကျေးရွာ ၁၀ လောက်မှာ PDF မဟာမိတ်တပ်ပေါင်းစုတွေနဲ့ ဒီကနေ့ ဇန်နဝါရီ ၃ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ကနေ ဇန်နဝါရီ ၁ ရက်နေ့အထိ ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၂ ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က PDF ရဲဘော်တစ်ဦး ကျဆုံးထားတယ်လို့ မဟာမိတ်တပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါပေမယ့် ဇန်နဝါရီ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တို့မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှု အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အင်တာနက်နဲ့ ဆက်သွယ်ရေးဖုန်းလိုင်းတချို့ ဖြတ်တောက်ထားသလို လမ်းတချို့ကိုလည်း ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

မဟာမိတ်တပ်ပေါင်းစုကတော့ ဒီတိုက်ပွဲတွေဟာ စစ်ကောင်စီတပ်က ထပ်မံထိုးစစ်ဆင်လာပါက ပိုမိုပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို မဖြစ်မနေလိုက်နာပေးဖို့ တိုက်တွန်းပါတယ်။

လတ်တလောမှာတော့ နှစ်ဖက်တိုက်ပွဲကြောင့် တနင်္သာမြို့နယ်ထဲက ဘန်လော၊ ဗောဓိကမ်း၊ ဇဝဲ၊ ၆ မိုင်အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ ၂၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here