လောင်းလုံး မင်္ဂဆောင်တစ်ခုမှာ ဗုံးပေါက်တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၇ ဦးဒဏ်ရာရ

0
141

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာမှာ ဒီဇင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းက ပြုလုပ်တဲ့ မင်္ဂဆောင်တစ်ခုမှာ ဗုံးပေါက်တာကြောင့် ကလေး ၁ ဦးအပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီနေ့ မနက် ၈ နာရီလောက်မှာ ဝေဒီကျေးရွာ ရွာလယ်ပိုင်းက ဦးတင်သိန်းနဲ့ဒေါ်အေးချစ် နေအိမ်မှာ မင်္ဂလာဆောင်ကျင်းပနေစဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီဗုံးဟာ မင်္ဂဆောင်မဏ္ဍပ်ရဲ့ ဆောင်းဘောက်ထားတဲ့နေရာကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ ဒေသခံတွေအဆိုအရ ဝေဒီကျေးရွာမှာ မင်္ဂဆောင် ကျင်းပရင် တစ်ပွဲကို ကျပ် ၂ သိန်းပေးဖို့ ပျူစောထီးအဖွဲ့က ပြောဆိုထားပြီး အခု မင်္ဂလာဆောင်ဟာ ငွေမပေးလို့ ဖောက်ခွဲတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ကလည်း မင်္ဂလာဆောင် ဗုံးပေါက်ကွဲမှုဟာ သူတို့နဲ့ လုံးဝ မသက်ဆိုင်ကြောင်းနဲ့ အခုလို ဖြစ်စဉ်အပေါ် အပြင်းအထန် ရှုတ်ချတယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ တော်လှန်ရေးမှာ နိုင်ငံတကာဖိအားအပါအဝင် အဘက်ဘက်က ပျက်စီးယိုယွင်းလာတာကြောင့် ပြည်သူတွေအနေနဲ့ အထင်အမြင်လွဲအောင် လုပ်ကြံဖန်တီးမှုတွေ ပြုလုပ်လာတဲ့အတွက် အလှူပွဲ၊ မင်္ဂလာပွဲ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ လူစုလူဝေးတွေကို ရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက လောင်းလုံးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့ကလည်း လောင်းလုံးမြို့နယ်၊ သဲပုံကျေးရွာ၊ အင်းဝတောင်ပေါ်မှာ အလှူပွဲ ကျင်းပနေစဉ် အသံဗုံး ၂ လုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရတာမရှိဘူးလို့ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here