ဆောမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၄) ဦး သေဆုံး

0
148
ဓာတ်ပုံ - VIVA La Revolution

မကွေးတိုင်း ဆောမြို့နယ်မှာ စစ်ကောင်စီက Jet Fighter အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ပြည်သူ (၄) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒီနေ့ ဒီဇင်ဘာလ (၂၆) ရက်နေ့ နေ့လည် (၂) နာရီဝန်းကျင်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပြည်သူတွေနေထိုင်တဲ့ ညောင်ကန်ရွာထဲကို ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

“ ရွာသားလေးဦးသေသွားတယ်။ တော်တော်စိတ်ဆင်းရဲရတယ်ဗျာ။ စိတ်နာစရာပါ။ တိုက်ပွဲလည်းမရှိဘဲနဲ့ တမင်သက်သက်ပစ်တာပါ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ Jet Fighter ရဲ့ ပစ်ခတ်မှုကြောင့် ညောင်ကန်ရွယ်အလယ်ထဲကို ဗုံးနှစ်လုံး ကျရောက်ပေါက်ကွဲခဲတဲ့အတွက် နေအိမ်သုံးလုံး ပျက်စီးခဲ့ပြီး နောက်ထပ်ဗုံးတစ်လုံးက စာသင်ကျောင်းနား ကျရောက်ခဲ့ပေမယ့် မပေါက်ကွဲခဲ့ဘူးလို့ သိရပါတယ်။

ဒီဖြစ်စဉ်ကြောင့် သေဆုံးခဲ့သူတွေဟာ မိသားစုဝင်တွေဖြစ်တယ်လို့ သိရပြီး အသက် (၆၆) နှစ်အရွယ် ဒေါ်စောဝိုင်း၊ အသက် (၄၇) နှစ်အရွယ် ကိုဇော်မင်း၊ အသက် (၄၅) နှစ်အရွယ် ကိုဇော်ဝင်နဲ့ အသက် (၄၀) ဝန်းကျင် ကိုကျော်ဌေးဝင်းတို့ဖြစ်တယ်လို့ သိရပါတယ်။

မြေပြင် သတင်းပေးပို့ချက်တွေအရ ဒီတိုက်ခိုက်မှုကြောင့် လူနေအိမ် (၃) လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရသလို ပြည်သူ (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲက (၄) ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၂၀၀) ကျော် သေဆုံးထားတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here