လွိုင်ကော်မြို့တွင်း ညမထွက်ရအမိန့်ကို စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ရုံးထုတ်ပြန်

0
181

ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၅ နာရီ ကျော်လောက်မှာ လွိုင်ကော်မြို့အတွင်း ည ၉ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ရုံးကနေ ကားနဲ့ လိုက်လံကြေညာခဲ့တယ်လို့ လွိုင်ကော်မှာနေထိုင်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

လိုက်လံကြေညာတဲ့ အချက်မှာ ညမထွက်ရ အမိန့်တစ်ခု တည်းဖြစ်ပေမယ့် လူမှုကွန်ယက်စာမျက်နှာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာတဲ့ စစ်ကောင်စီ ထုတ်ပြန်ချက်စာရွက်အရ လွိုင်ကော်မြို့အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမူတာတွေကို မပြုလုပ်ဖို့နဲ့ လူ ၅ ဦးနဲ့အထက် လမ်းမကြီးတွေ၊ အများပြည်သူသွားရာလမ်းကြား၊ လမ်းသွယ်၊ ဥယျာဉ်၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ မစုဝေးဖို့ ဖော်ပြပါရှိပါတယ်။

ညမထွက်ရအမိန့်ဟာ ယခင်ကတည်းက ရှိခဲ့တဲ့အတွက် လွိုင်ကော်မြို့မှာ နေထိုင်သူတွေအနေနဲ့ ညဘက်အပြင်ထွက်လေ့မရှိတော့ပေမယ့် လူ ၅ ဦးထက် ပိုမစုရအမိန့်အပေါ်မှာတော့ ဒေသခံတွေ စိုးရိမ်မှုရှိနေပါတယ်။

”ညမထွက်ရအမိန့်ကတော့ မထူးဆန်းဘူး၊ ဘယ်သူမှလည်း ညဆိုသိပ်မထွက်သလို ထွက်လို့ အပစ်ခံရသူတွေလည်း ရှိနေလို့လေ၊ ဒါပေမဲ့ ၅ ဦးထက် စုဝေးခြင်းမပြုရန် ဆိုတာကိုတော့ စိုးရိမ်မိတယ် ၊ သူငယ်ချင်းတွေနဲ့ တွေ့နေရင်တောင် မဆီမဆိုင်ဖမ်းတာမျိုးတွေလုပ်တော့မလားလို့ တွေမိတယ်” လို့ လွိုင်ကော်မြို့နေ ဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။

ညမထွက်ရ အမိန့်ရဲ့သတ်မှတ်ကာလကို အတိအကျမသိရပဲ နောက်ထပ် အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မချင်းလို့သာ ဖော်ပြထားပါတယ်။

လွိုင်ကော်မြို့အတွင်း နောင်ယားကန်အနီး စစ်ဆေးမှုတွေကိုယခင်တည်းက မကြာခဏပြုလုပ်နေပြီး ဖမ်းဆီးမှုတွေလည်းရှိခဲ့ပါတယ်။

အခုလို ၅ ယောက်ထက် ပိုမစုရဆိုတဲ့အမိန့်ကြောင့် လွိုင်ကော်မြို့ အထင်ကရနေရာတွေမှာ လည်ပတ်မည့်သူတွေအနေနဲ့ ဖမ်းဆီးအရေးယူခံရနိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။

နော်ဒွေးအယ်ခူ ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here