အပြစ်မဲ့ပြည်သူ ၄၀ ကျော် အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့ခံရတဲ့ မိုဆိုဖြစ်စဉ် တစ်နှစ်ပြည့် အောက်မေ့ဖွယ်ပြုလုပ်

0
207

ကရင်နီပြည် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က စစ်ရှောင်ပြည်သူ၊ ဒေသခံ၊ ခရီးသွားပြည်သူ စုစုပေါင်း ၄၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့ခဲ့တဲ့ မိုဆိုဖြစ်စဉ်ဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာတော့ တစ်နှစ်ပြည့်ပြီ ဖြစ်ပါတယ်။

တစ်နှစ်ပြည့် အောက်မေ့ဖွယ်အနေနဲ့ မိုဆိုဒေသခံတွေကနေ ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းမှာ သတ်ဖြတ်မီးရှို့ခံရတဲ့နေရာကို သွားရောက်ပြီး ဖယောင်းတိုင်မီးထွန်းတာ ဝိညာဉ်အတွက် ဆုတောင်းတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။

”ရပ်ဝေးက ပါသွားတဲ့မိသားစုတွေ သူတို့အနေနဲ့ ခက်ခဲတယ် မလာနိုင်ဘူးဆိုတာသိတယ်။ ကျမတို့ သူတို့ကို အသိအမှတ်ပြုပေးရမယ်။ သူတို့ကို သတိရရမယ် အောက်မေ့ရမယ်ဆိုတဲ့ စိတ်နဲ့ ကျမတို့ အားလုံးအတွက် ပါသွားတဲ့မိသားစုတွေအားလုံး လူပုဂ္ဂိုလ်၊ ဝိညာဉ်တွေအားလုံးအတွက် ရည်စူးပြီးတော့မှ လုပ်သွားတယ်ပေါ့နော။ ကျမတို့ ရွာခံအတွက်ပဲ လုပ်တာ‌တော့ မဟုတ်ပါဘူး“ လို့ မိုဆိုကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

မိုဆိုကျေးရွာအပြင် အနီးအနားက ကျေးရွာတွေဟာ လတ်တလောမှာ စစ်ဘေးရှောင်နေကြရပြီး သတ်ဖြတ်မီးရှို့ခံရမှု တစ်နှစ်ပြည့်ကို အောက်မေ့သတိရတဲ့အနေနဲ့ အခက်အခဲကြားက ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ မိုဆိုဖြစ်စဉ်မှာ အပြစ်မဲ့ပြည်သူ ၄၀ ကျော်နဲ့အတူ ဒန်ဘာကားအပါအဝင် ကားကြီးကားငယ် စုစုပေါင်း ၈ စီး၊ ထော်လဂျီ နှစ်စီး၊ ဆိုင်ကယ် ၆ စီး မီးရှို့ခံခဲ့ရတာဖြစ်ပါတယ်။

မိုဆိုဒေသခံတွေကတော့ ဒီဇင်ဘာလ ၂၄ ရက်နေ့ကို မမေ့ကြဖို့နဲ့ အောက်မေ့သတိရကြပေးဖို့ တောင်းဆိုထားပါတယ်။

နော်ဒွေးအယ်ခူ ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here