KIA ဌာနချုပ်အနီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲကာ လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေ

0
168

ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီး စစ်ကောင်စီတပ်က ဒီဇင်ဘာလ တတိယပတ်အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် လေယာဉ်ဖြင့်လည်း ဗုံးကြဲခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့၊ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် စစ်ကောင်စီဘက်က တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

လိုင်ဇာဒေသခံတစ်ဦးက “လက်နက်ကြီးက ဟိုးဝေကျိုင်တောင်လေ ဇီးအွန်ဆုတောင်းတောင် ရှိတဲ့နေရာမှာ အဲ့ဘက်မှာကျတယ်။ အတိအကျတော့ မသိဘူး။ တိုက်ပွဲဖြစ်တာမျိုးတော့ မရှိဘူး။ မနက်အစော ၃ နာရီကျော်လောက်မှာ လက်နက်ကြီးနဲ့ လေးငါးခေါက်လောက် ပစ်တယ်။ ဗမာစစ်တပ်က တိုက်ပွဲမဖြစ်ပဲ ပစ်တာ ဟုတ်တယ်” ဟု ပြောသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့၊ နံနက်ပိုင်းတွင် မန္တလေး – တံတားဦး လေတပ်စခန်းမှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် KIO/KIA ဗဟိုဌာနချုပ်နယ်မြေဖြစ်သည့် နမ်ဆန်ယန်ကျေးရွာ အကျော်ရှိ ဆိုင်မိုင်ပါ (Seng Mai Pa) ကျေးရွာ အနီး ဝန်းကျင်တွင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ လက်နက်ကြီးပစ်ခတ်မှုသည် ကျေးရွာအတွင်းကျရောက်ခြင်းမဟုတ်ပဲ ကျေးရွာပြင်ပတွင် ကျရောက်ခဲ့သည့်အတွက် အရပ်သားပြည်သူ ထိခိုက်မှု၊ နေအိမ်ပျက်စီးမှုများ မရှိခဲ့ဘူးဟု ဆိုသည်။

“အခုကျတော့ ရွာတွေထဲမှာတော့မဟုတ်ဘူး။ ဒါပေမယ့် လေယာဉ်သံ လက်နက်ကြီးသံကြားရင်တော့ စိုးရိမ်တာမျိုးတော့ ရှိတယ်။ လူကြီးတွေပြောတာတော့ တိုက်ပွဲမဖြစ်ဘူး။ ဗမာတွေက တမင်လာပစ်တယ်လို့ ပြောတယ်။ အခုတလော တိုက်ပွဲဖြစ်တယ်ဆိုတဲ့ အသံလည်း မကြားမိဘူးလေ” ဟု လိုင်ဇာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင်လည်း ခါရာဘွမ်တောင် (Hkaya bum) နှင့် ဘွမ်ရယ်ဘွမ်တောင် (Bum Re Bum) တွင် တပ်စွဲနေရာယူထားသည့် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် KIO ဗဟိုဌာနချုပ် ရှိရာဘက်သို့ ပစ်ခတ်ခဲ့သည်။

ထိုသို့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ လိုင်ဇာဒေသအတွင်းရှိ မုန်လိုင်ခက်ကျေးရွာအနီးနှင့် ဝေကျိုင်ဘွမ်တောင် (Woi Chyai bum) တဝိုက်တါင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်ဟု လိုင်ဇာဒေသခံများက အတည်ပြုပြောသည်။

ထို့အပြင် ဒီဇင်ဘာ ၁၇ ရက်နေ့၊ နံနက် ၁ နာရီ အချိန်ခန့်တွင် တံတားဦး လေတပ်စခန်းကနေ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် နမ်ဆန်ယန်အကျော် ဆိုင်မိုင်ပါ (Seng Mai pa) ကျေးရွာအနီးဝန်းကျင်တွင် လာရောက်ဗုံးကြဲခဲ့သေးသည်ဟု ဆိုသည်။

ထိုသို့ လိုင်ဇာအနီးတဝိုက်ကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်မှုများ၊ လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် အရပ်သားများရှိရာ ကျေးရွာများထဲ ကျရောက်ခြင်းမဟုတ်သော်လည်း အနီးအနားတွင် ကျရောက်ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် ဒေသခံအချို့က စိုးရိမ်နေကြသည်ဟု ပြောသည်။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဘက်က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ထိန်းချုပ်နယ်မြေ တစ်ခုဖြစ်သည့် မိုင်ဂျာယန်မြို့ကို လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခဲ့ပါသေးသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here