21 January 2025 /

See today's Peace Related News

ငြိမ်းချမ်းလုပ်ငန်းစဉ် ပြန်လည်သုံးသပ်နိုင်ရေး KNUအနေဖြင့် အရေးပေါ်ကွန်ဂရက်ခေါ်ယူရန် IKO တိုက်တွန်း

လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ် ပြင်ဆင်တည့်မတ်သွား နိုင်ရေးအတွက် KNU-ကရင်အမျိုးသားအစည်းအရုံး အနေဖြင့် အရေးပေါ်ကွန်ဂရက်ခေါ်ယူရန် နိုင်ငံတကာ က ရင်အဖွဲ့အစည်း-IKOက တိုက်တွန်းပြောဆိုလိုက်သည်။

အမေရိကန်နိုင်ငံ၊ နီဗရာစကာပြည်နယ်၊ အိုမဟာမြို့တွင် သြဂုတ်လ ၆ ရက် မှ ၈ ရက်နေ့အထိ ကျင်းပခဲ့သည့် IKO ၏ ဒုတိယ အကြိမ် ညီလာခံအပြီး ထုတ်ပြန်သည့် ထုတ်ပြန်ကြေညာချက်၌ ယင်းသို့ တိုက်တွန်းအကြံပြု ထားခြင်းဖြစ်ပြီး အဆိုပါ တိုက်တွန်းအကြံပြုချက်နှင့်ပတ်သက်၍ ပြောခွင့်ရသူ မန်းအော်လန်းဒိုက ကေအိုင်စီသို့ ယခုလို ပြောသည်။

“KNU ဥက္ကဌ ကိုယ်တိုင်က ဝန်ခံထားတာ ရှိတယ်။ ငြိမ်းချမ်းရေး လုပ်တာ ချောတိုင်တက်ရသလိုပဲလို့ ပြောတယ်။ ကျနော်တို့ အပြင်ဘက်မှာ ရော၊ တက်လာတဲ့ကိုယ်စားလှယ်တွေကတော့ ဒီလမ်းကြောင်းက ကရင် တစ်မျိုးသားလုံး မျှော်မှန်းထားတဲ့ လမ်းကြောင်းကို ပို့မှာမဟုတ်ဘူး။ အဲဒါကြောင့် ကွန်ဂရက်ခေါ်ပြီးတော့ ဒီဟာ ကို ဘယ်လိုလုပ်မလဲ။ ဆွေးနွေးဖို့ လိုအပ်လာတယ်။ IKOရဲ့ အသံအပြင် ပြည်သူလူထုတွေရဲ့အသံကို KNU က အလေးထား နားထောင်ပြီးတော့ ရှေ့လုပ်ငန်းစဉ်မှာ ပြန်လည်သုံးသပ်ဖို့ လိုအပ်ပြီ”ဟု မန်းအော်လန်းဒို က ပြောသည်။

လက်ရှိ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်-NCA တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၁ဝ)ဖွဲ့သာ လက်မှတ်ထိုးထားနိုင်ပြီး ရှေ့ဆက် အဖွဲ့များလာရန် အလားအလာမမြင်ကြောင်း၊ KNU ထိုးထား သည့် NCA စာချုပ်သည် ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားရန် ပြီးပြည့်စုံသည့် စာချုပ်မဟုတ်သလို တိကျ ပြတ်သားသည့် အနက်အဓိပ္ပာယ်ဖွင့်ဆိုမှုများလည်း မရှိသည့်အတွက် ယခု NCA လမ်းကြောင်းသည် ရှေ့ဆက် သွားရန် မဖြစ်နိုင်တော့ကြောင်းလည်း မန်းအော်လန်းဒိုက ဆက်ပြောသည်။

IKO ၏ တိုက်တွန်းချက်အပေါ် နိုင်ငံရေး လေ့လာသုံးသပ်သူ စောကပီက“ တောင်းဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သုံးသပ်တယ်ဆိုတာက သူတို့ မတောင်းဆိုလည်း KNU က အမြဲတစေ လုပ်နေရမဲ့ ကိစ္စလို့မြင်ပါတယ်။ လုပ်လည်း လုပ်နေတယ်လို့ သိရပါတယ်။ အဖွဲ့အစည်းအတွင်းပဲ သိုသိုသိပ်သိပ် လုပ်ရမဲ့အပိုင်းရှိသလို ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း ချပြရမဲ့ အစိတ်အပိုင်းတွေလည်း ရှိပါတယ်။ အဲဒါကို ခွဲခြားသိဖို့နဲ့ ကွဲကွဲပြားပြား မြင်ဖို့တော့ အရေးကြီးပါတယ်။ KNU ကွန်ဂရက်ကိုတော့ Constitution (ဖွဲ့စည်းပုံ) က ပြောထားတဲ့ အတိုင်းပဲ ခေါ်ယူကျင်းပတာ ကောင်းတယ်လို့မြင်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် KNU အနေဖြင့် အဖွဲ့အစည်းအား ပိုမိုတောင့်တင်း ခိုင်မာလာအောင် အဖွဲ့အစည်း၏ မူဝါဒအပေါ် အခြေခံ၍ စည်းလုံးညီညွတ်မှု ပြန်လည် တည်ဆောက်ရန်၊ အုပ်ချုပ်ရေးနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLAကို ကျစ်လစ်ခိုင်မာအောင် တည်ဆောက်ရန်၊ မဟာမိတ် အဖွဲ့အစည်းများနှင့်ပူး ပေါင်း ဆောင်ရွက်ရန် နှင့် KNU ခေါင်းဆောင်များအနေဖြင့် ကရင်လူထု၏ ချစ်ခင်ရင်းနှီးမှု၊ လေးစားမှု နှင့်ယုံကြည်မှုရ ရှိရေးကို ပြန်လည်တည်ဆောက်ရန်ကိုပါ IKO က အကြံပြုတိုက်တွန်းထားသည်။

ယခုနှစ် ဇူလိုင် ၁၁ ရက်မှ ၁၆ရက်အထိပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးပွဲတွင် တိုင်းရင်းသားများဆွေးနွေးလိုသည့် ကိုယ်ပိုင်ပြဌာန်း ခွင့်ဆိုင်ရာကိစ္စရပ် များကို မဆွေးနွေးနိုင်သေးဘဲ တိုင်းရင်းသား လူနည်းစုများ၏ ကာကွယ်ခြင်းဆိုင်ရာ အခြေခံမူများ၊ အခြေခံလူ့ အခွင့်အရေးနှင့် ကျား/မဆိုင်ရာတန်းတူ ညီမျှမှု၊ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ တရားရုံး နှင့် နိုင်ငံသားဖြစ်မှု စသည့်အချက်များကိုသာ ဆွေးနွေးနိုင်မှုမှာ ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်တိုးရန် မဖြစ်နိုင်တော့သည့် အရိပ်အယောင်ဖြစ်သည်ဟုလည်း IKO က ရှုမြင်သည်။

အဆိုပါ ကျင်းပပြီးစီးခဲ့သည့် IKO ညီလာခံသို့ အာရှပစိဖိတ်ဒေသ၊ ဥရောပဒေသ၊ အမေရိကန်ပြည်ထောင်စု-ကနေဒါ စသည့်ဒေသ အသီးအသီးရှိ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်ပေါင်း (၁၁၀) ဦးတက် ရောက်ခဲ့ ပြီး ၎င်းညီလာခံတွင် ယခင် ပထမအကြိမ်ကျင်းပခဲ့သော ညီလာခံမှ ချမှတ်ခဲ့သည့် လုပ်ငန်းစဉ်များအား ပြန်လည်သုံး သပ်ခြင်း၊ လက်ရှိ မြန်မာနိုင်ငံအတွင်း ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း လုပ်ငန်းစဉ် နှင့် နိုင်ငံရေးဖြစ်စဉ်များအား သုံးသပ်ဆွေးနွေးခဲ့သည်။

နိုင်ငံတကာ ကရင်အဖွဲ့အစည်း -IKO သည် အာရှ-ပစိဖိတ်၊ ဥရောပ၊ မြောက်အမေရိက စသည့်နိုင်ငံပေါင်း ၃၀ ကျော်မှ ကရင်လူမှုအဖွဲ့အစည်းများဖြင့် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ညီလာခံကို တစ်နှစ်တစ်ကြိမ် ကျင်းပလျက်ရှိသည်။

KNU ၏ ဖွဲ့စည်းပုံအရ ကွန်ဂရက်ကို လေးနှစ်တစ်ကြိမ် ကျင်းပခဲ့ကြပြီး လေးနှစ်အတွင်း လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ်ခြင်း၊ မြို့နယ်၊ ခရိုင်အလိုက် အစီရင်ခံစာတင်ပြခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းအပြင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်နှင့် ဗဟိုအမြဲတမ်း ကော်မတီဝင်အသစ်များကို ပြန်လည်ရွေးကောက်တင်မြှောက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

Junta’s bombing of IDP camp in Demoso kills three civilians

Three civilians were killed and four others wounded in aerial bombings carried out by the military council on a displacement camp in the eastern...

PDA-Tedim officially announces planned offensive to capture Tedim

The Tedim Township Council has announced that the People's Defence Army-Tedim (PDA-Tedim) and allied forces will launch an offensive to capture the towns of...

Junta burns down three villages in Palaw Township

Military junta troops set fire to three villages along the Palaw-Myeik highway, and the fires continued to burn for two days, according to local...