၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်။
ဧရာဝတီတိုင်း၊ ကြံခင်းမြို့ပေါ်ရှိ ရွာသစ်ရပ်ကွက်၊ သာယာ ၅ လမ်းမှ စစ်ကောင်စီ၏ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး အောက်တိုဘာလ ၂၂ ရက်နေ့၊ ညပိုင်းက ဗုံးခွဲတိုက်ခိုက်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။
မြို့ခံ သတင်းအရင်းအမြစ်တစ်ဦးက “စရဖ ရုံးဖက်က ပေါက်ကွဲသံကြားရတယ်။ စစ်တပ်နဲ့ရဲတွေက အဲ့ဒီက လမ်းကိုပိတ်ပြီး စစ်ဆေးကြတယ်” ဟု ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားသည့် ညက စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့များက လမ်းသွားလမ်းသွားအချို့ကို တားမြစ်စစ်ဆေးခဲ့သည့်အပြင်နှင့် မြို့မရပ်ကွက်အတွင်းလည်း ဧည့်စာရင်းဝင်စစ်ကာ မသင်္ကာသူအချို့ကို ဖမ်းထားသည်ဟု အဆိုပါမြို့ခံက ပြောသည်။
သို့သော် လူဦးရေမည်မျှ ဖမ်းဆီးခံထားရသည်ကို အတိအကျမသိရသေးဘူးဟု ဆိုသည်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို အောက်တိုဘာ ၂၂ ရက်နေ့၊ ည ၉ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် ၎င်းတို့၏တပ်ဖွဲ့ဝင်များက ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု သတင်းထုတ်ပြန်သည်။
ဒေသခံပြည်သူများ၊ ဆန္ဒပြသူများ၊ CDM ဝန်ထမ်းများ၊ တော်လှန်ရေး ထောက်ပို့များနှင့် တော်လှန်ရေးသမားများကို အမျိုးမျိုးဟန့်တားနှောက်ယှက်နေခြင်းတို့ကြောင့် သွားရောက်တိုက်ခိုက်ရခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
ဧရာဝတီမြို့ပြစစ်ရေးတာဝန်ခံက “ဒါဟာ ကြံခင်းမြို့အတွက် ဒုတိယအကြိမ်မြောက်စစ်ဆင်ရေးဖြစ်တယ်” ဟု ပြောသည်။
ဧရာဝတီ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် အဆိုပါဖောက်ခွဲမှုကို အောင်မြင်စွာလုပ်နိုင်ခဲ့ပြီး လှုပ်ရှားမှုမှာ ပါဝင်သူများမှာ လုံခြုံသည့်နေရာသို့ ပြန်လည်ရောက်ရှိနေပြီဟုလည်း ဆိုသည်။
ပထမအကြိမ်အဖြစ် အောက်တိုဘာလ ၆ ရက်နေ့က ကြံခင်းမြို့နယ်၊ တလိုင်းကွင်းအုပ်စု၊ ပန်းရံစုကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနှင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သေးသည်။
စစ်ကောင်စီ၏ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး ဗုံးကွဲတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ထိခိုက်သေဆုံးမှု ရှိ/မရှိ အခြေအနေကို သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနက စုံစမ်းနေဆဲဖြစ်သည်။
NMG – ပေးပို့သည်။