၄ ဇွန် ၂၀၂၂
စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် တစ်ပတ်အတွင်း ကျေးရွာ ၁၆ ရွာရှိ အိမ်ခြေတစ်ထောင်ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကနီလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။
“ညောင်ဝင်းက မနေ့ကရှို့သွားတာပေါ့ ။ညောင်ဝင်းမှာက မင်းတုန်းမင်းတရားကြီးလက်ထက်က ကျွန်းတိုင်ကြီးတွေနဲ့ ဆောက်ထားတဲ့ ဘုန်းကြီးကျောင်း ပါမပါတော့ ကျွန်တော်လည်း အတိအကျ မသိရသေးဘူး။ ဖုန်းလိုင်းတွေဖြတ်ထားတော့ ဖုန်းအဆက်အသွယ်မရဘူး” ဟု ၎င်းက ပြောကြားသည်။
ကနီမြို့နယ်တွင် ယခုအပတ်အတွင်း စစ်ကောင်စီတပ်၏ မီးရှို့ခြင်းကို ခံရသော ကျေးရွာများမှာ ကင်းအုပ်စုရွာ၊ အထက်ကင်းရွာ၊ ဘုမ္မဇင်းကျေးရွာအုပ်စုမှ ချမ်းသာစုရွာ၊ နတ်ကြီးအုပ်စုရွာ၊ ဝက်ချောင်းကြီးရွာ၊ ရွာသာရွာ၊ ဝက်ချောင်းလေး၊ ကဲဒေါင်အုပ်စုရွာ၊ ကင်းတောင်အုက်စုရွာ၊ သရက်တောရွာ၊ ဆင်စမ်းရွာ၊ ကနဲအုပ်စုရွာ၊ ကျွန်းဖျားရွာ၊ စိန်ကုန်းရွာ၊ လက်ပံစုရွာ (အသုံးအဆောင်ပစ္စည်းများပါ ယူဆောင်သွား) နှင့် ညောင်ဝင်းကျေးရွာတို့ဖြစ်ကြောင်း သိရသည်။
ကနီမြို့နယ်သည် စစ်ကောင်စီအာဏာသိမ်းပြီး NUG မဖွဲ့စည်း မီကတည်းက စစ်ကောင်စီကို တူမီးသေနတ်ဖြင့် လက်နက်ကိုင်တော်လှန်ခဲ့သော မြို့နယ်တစ်ခုဖြစ်ပြီး တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည့် မြို့နယ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။
“တိုက်ပွဲက ဒီနေ့မနက်ခင်း တစ်ကြိမ်လောက်ဖြစ်တယ်။ ဟိုလို ပြင်းပြင်းထန်ထန်တော့ မဖြစ်ဘူး။ တမြန်နေ့က တော်တော့်ကိုဖြစ်တယ်။ သူတို့ဘက်က အကျအဆုံးရှိတယ်။ ကျွန်တော်တို့ဘက်က အကျအဆုံးမရှိဘူး” ဟု ဦးထွန်းထွန်းဝင်းက ပြောကြားသည်။
ကျေးရွာများ မီးရှို့ဖျက်ဆီးခံရသော်လည်း ကနီမြို့နယ် ဧရိယာအများစုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF များက ထိန်းချုပ်ထားနိိုင်ဆဲ ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
စစ်အာဏာသိမ်းခဲ့သည့်နေက ယနေ့အထိ ကနီမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၀ ကျော်နှင့် အိမ်ခြေပေါင်း ၂၀၀၀ ကျော်ခန့် မီးရှို့ဖျက်ဆီး ခံထားရပြီး စစ်ဘေးရှောင်ပြည်သူ နှစ်သောင်းနီးပါးရှိပြီဖြစ်ကြောင်းလည်း ဦးထွန်းထွန်းဝင်းက ပြောကြားသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ ကနီမြို့နယ်တွင် ကျေးရွာအုပ်စု စုစုပေါင်း ၄၅ အုပ်စုရှိပြီး အိမ်ထောင်စု ၂၉, ၂၂၃ နှင့် လူဦးရေ ၁၃၄,၅၄၁ ရှိကြောင်း သိရသည်။
Data for Myanmar အဖွဲ့၏ ထုတ်ပြန်ချက်အရ စစ်တပ်မှ အာဏာသိမ်းခဲ့သော ဖေဖော်ဝါရီလ ၁ ရက် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဧပြီလ အထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်ကောင်စီတပ်မှ ပြည်သူလူထု နေအိမ်စုစုပေါင်း ၇၅၀၃ အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ရှမ်းနီအသံ (Shan Ni) မှ ပေးပို့သည်။