ဖားအံမြို့နယ်အတွင်း BGF လှုပ်ရှားမှုများလာခြင်းအပေါ် ပြည်သူများအား KNU သတိပေးစာထုတ်

By MPM 9 December, 2021 👁

၉ ဒီဇင်ဘာလ ၂၀၂၁

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်၊ ဖားအံမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များ ပိုမိုလှုပ်ရှားလာခြင်းကြောင့် ပြည်သူလူထုများ၏ သွားလာမှုအပေါ် ယခုလ ၁ ရက်နေ့ ရက်စွဲဖြင့် မြို့နယ်မှ သတိပေးစာ ထုတ်ပြန်ထားသည်။

မြို့နယ်အတွင်း လာရောက်နေရာယူ တပ်စွဲထားသည့် BGF တပ်ဖွဲ့ဝင်များအနေဖြင့် သွားလာလှုပ်ရှာမှုများလာခြင်းကြောင့် ပြည်သူလူထုများအနေဖြင့် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ သွားလာခွင့်ပြုထားပြီး ၎င်းကန့်သတ်ချိန်ကျော်လွန်၍ ခရီးသွားလာခြင်းမပြုရန် ယခုလိုထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သထုံခရိုင်၏ သတင်းပြန်ကြားရေးဌာနခွဲ အတွင်းရေးမှူး စောလွမ်းမိုးနိုင်က ယခုလိုပြောသည်။

၎င်းက “ဒီကို လာတက်နေတဲ့ BGF တစ်ဖွဲ့ရှိတယ်။ သူတို့ကလည်း ဒီနယ်မြေမှာ အသွားအလာ အရမ်းလုပ်တာမျိုးရှိတယ်။ သွားလာတဲ့သူတိုင်းကို ကျနော်တို့ မသိနိုင်ဘူးလေး။ ဘယ်လိုပဲဖြစ်ဖြစ် စစ်ဆေးမှုခံယူရမယ်လေ။” ဟု ပြောသည်။

အဆိုပါ သတိပေးထုတ်ပြန်စာကို လွန်ခဲ့သည့် ၂ ရက်က လူမှုစာမျက်နှာတွင် ကြိုတင်ထုတ်ပြန်ထားသော်လည်း ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့မှစ၍ ကျေးရွာအုပ်စုအတွင်း လိုက်လံဖြန့်ဝေ အသိပေးထားသလို ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများကိုလည်း အစည်းအဝေးခေါ်ယူ၍ ရှင်းလင်းအသိပေးသွားမည်ဖြစ်ကြောင်းလည်း စောလွမ်းမိုးနိုင်က ဆက်ပြောသည်။

အဆိုပါ ထုတ်ပြန်ထားသည့် အသိပေး ထုတ်ပြန်ချက်အရ ပြည်သူများ ခရီးသွားလာခွင့်ကို နံနက် ၆ နာရီမှ ညနေ ၆နာရီအထိသာ ခွင့်ပြုထားပြီး ဖားအံမြို့နယ် တပ်ရင်း (၁) ထိန်းချုပ်နယ်မြေအတွင်း မော်တော်ယာဉ်ဖြင့် ခရီးသွားလာပါက ကားမှန်များကိုချ၍ မောင်းနှင်ရန်အပြင် မော်တော်ကား၊ ဆိုင်ကယ်၊ စက်တပ်ယာဉ်များဖြင့် ခရီးသွားလာရာတွင် တာဝန်အရ စစ်ဆေးလိုပါက ကြည်ဖြူစွာ လက်ခံပေးရန်နှင့် ပြည်သူများအနေဖြင့် အရေးပေါ်ကိစ္စရပ်များရှိလာပါက သက်ဆိုင်ရာတာဝန်ရှိသူ ပုဂ္ဂိုလ်များထံ ဆက်သွယ်အကြောင်းကြားရန် ဖော်ပြထားသည်။

ထို့အပြင် အဆိုပါ အသိပေး ထုတ်ပြန်ချက်အပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဖြစ်ပေါ်လာမည့် ပြဿနာများကို တာဝန်ယူမည်မဟုတ်ကြောင်းလည်း KNU ဖားအံမြို့နယ်၏ အသိပေးစာ၌ ဆက်လက်ဖော်ပြထားသည်။

အာဏာသိမ်းပြီးနောက် KNU ထိန်းချုပ်နယ်မြေအများစုတွင် စစ်ကောင်စီတပ်နှင့် KNU လက်အောက်ခံတပ်ဖွဲ့ဝင်များအကြား ထိတွေ့တိုက်ခိုက်မှု ပိုမိုပြင်းထန်လာခဲ့ပြီး KNU တပ်မဟာ (၁)၊ တပ်မဟာ (၅)၊ တပ်မဟာ (၃) နှင့် တပ်မဟာ (၂) နယ်မြေများတွင် အဆိုးရွာဆုံးဖြစ်ပွားကာ အဆိုပါ နယ်မြေများတွင်လည်း စစ်ကောင်စီတပ်အပါအဝင် နယ်ခြားစောင့် (BGF) တပ်ဖွဲ့ဝင်များ၏ စစ်ရေးလှုပ်ရှားမှုများလည်း ယနေ့အထိ ဆက်လက်များပြားလျက်ရှိသည်ဟု KNU ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဒီဇင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည့် KNU ၏ ထုတ်ပြန်ချက်အရ ယခင် နိုဝင်ဘာလ တစ်လအတွင်း KNU ထိန်းချုပ်နယ်မြေအားလုံးတွင် စစ်ကောင်စီအပါအဝင် BGF တပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO အကြား ထိတွေ့တိုက်ပွဲပေါင်း (၂၀၆) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF ဘက်မှ (၁၉၀) ဦးသေဆုံးပြီး (၁၅၉) ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ သေဆုံးသောသူများထဲတွင် တပ်ရင်းမှူး (၁) ဦး၊ ဒုတပ်ရင်းမှူး (၁) ဦး၊ ဗိုလ်ကြီး (၄) ဦးနှင့် တပ်ကြပ် (၂) ဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသောသူများထဲတွင်လည်း တပ်ရင်းမှူး (၁) ဦး၊ တပ်ခွဲမှူး (၃) ဦးနှင် ဗိုလ် (၁) ဦးတို့ပါဝင်ကာ KNLA နှင့် KNDO ဘက်တွင်မူ (၇) ဦးကျဆုံးပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ၏တပ်များနှင့် BGF တပ်ဖွဲ့ဝင်များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုနှင့် လူသွားလမ်းများအပေါ် မိုင်းများထောင်ထားမှုတို့ကြောင့် ပြည်သူလူထု (၇) ဦး ထိခိုက်ဒဏ်ရာရရှိပြီး (၁) ဦး သေဆုံးသွားကြောင်းလည်း ဆက်လက်ဖော်ပြထားသည်။

KIC – ပေးပို့သည်။